မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု(၉)မှုဖြင့် ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

17 May 2022

DMG ၊ မေ ၁၇

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု(၉)မှုဖြင့် ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံကို ၎င်းတာဝန်ယူခဲ့စဉ်ကာလအတွင်း လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံရယူခဲ့သည်ဟုစွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလက အဂတိမှု(၉)မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့(မတ်လ ၁၆ ရက်)တွင် ဒေါက်တာအေးဇံကို အဂတိအမှု(၆)မှုအတွက် တစ်မှုလျှင် ထောင်ဒဏ်(၂)နှစ်စီနှင့် အခြားအဂတိမှု(၃)မှုအတွက် တစ်မှုလျှင်(၃)နှစ်စီ၊ စုစုပေါင်းထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

“ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပါတယ်။ အမှုက ၉ မှု၊ တစ်မှုကိုထောင်ဒဏ် ၂ နှစ်စီနဲ့ ၃ နှစ်စီချလိုက်တာပါ”ဟု ရှေ့နေအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

ထိုသို့ထောင်ဒဏ်ချမှတ်ခံရမှုနှင့်ပက်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအနေဖြင့် အယူခံတက်ရန် မရှိကြောင်းလည်း ၎င်းကထပ်မံပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရာဇသတ်ကြီးပုဒ်မ- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သဖြင့် လက်ရှိတွင် စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရသည်။

ဆက်လက်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွင်းမလျော်သြဇာသုံးခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာ အမှု(၃)ခုဖြင့် ဒေါက်တာအေးဇံမှာ တရားရင်ဆိုင်နေရသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးမှပြောသည်။

“ဒေါက်တာကတော့ ထောင်ထဲမှာ ကျန်းမာရေးကောင်းပါတယ်။ တစ်ခါတစ်ရံ ခေါင်းမူးတာနဲနဲဖြစ်တယ်လို့ သိရတယ်။ အခုအချိန်အထိ အမှု ၃ မှု ထပ်ပြီးတရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဒေါက်တာအေးဇံကို ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။