ရခိုင်တွင် မိုးခေါင်စဉ်ပျက်စီးခဲ့သည့် စပါးများကို အစားထိုးစိုက်ပျိုးရန် လယ်သမားများအခက်ကြုံနေ

ရခိုင်ပြည်အတွင်း ယခုနှစ်မိုးခေါင်စဉ်က ပျက်စီးသွားခဲ့သည့် စပါးပင်များကို အစားထိုးစိုက်ပျိုးရန်အတွက် အခက်အခဲများကြုံနေရကြောင်း လယ်သမားများကပြောသည်။

14 Aug 2022

DMG ၊ သြဂုတ် ၁၄

ရခိုင်ပြည်အတွင်း ယခုနှစ်မိုးခေါင်စဉ်က ပျက်စီးသွားခဲ့သည့် စပါးပင်များကို အစားထိုးစိုက်ပျိုးရန်အတွက် အခက်အခဲများကြုံနေရကြောင်း လယ်သမားများကပြောသည်။

ပြီးခဲ့သည့်သြဂုတ်လအတွင်းက မိုးရွာသွန်းမှုမရှိသလောက်နည်းခဲ့ပြီး ရေမရရှိသဖြင့် ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ သေကြေပျက်စီးခြင်း၊ ကြဲလက်စ စပါးပင်များမှာလည်း မျိုးစပါးမအောင်မြင်မှု စသည့်အခြေအနေများကို လယ်သမားများ ရင်ဆိုင်ခဲ့ရသည်။

လက်ရှိတွင် မိုးပြန်လည်ရွာသွန်းလာသော်လည်း ပျက်စီးသွားသည့် စပါးပင်များကို အစားထိုးစိုက်ပျိုးမည်ဆိုပါက မျိုးစပါးမရှိသော အခက်အခဲဖြစ်နေရသည်ဟု ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ လယ်သမား ဦးထွန်းထွန်းမြင့်ကပြောသည်။

“စပါး ပြန်လည်စိုက်ပျိုးမယ်ဆိုရင်လည်း ထွန်ယက်ချိန်၊ နောက်ပြီး အချိန်ကာလနှောင်းသွားတာရေကတစ်ကြောင်း ရှိနေသေးတယ်။ နောက်ပြီး မျိုးစပါးလည်း ကျွန်တော်တို့မှာအခက်အခဲရှိနေတယ်”ဟု ၎င်းကဆိုသည်။

မိုးခေါင်မှုနှင့်ကြုံခဲ့ရသဖြင့် ရွှေပြည်တစ်ရွာတည်းမှာပင် လယ်ဧက ၁၀၀၀ ကျော်ပျက်စီးမှုရှိခဲ့ပြီး လက်ရှိတွင် ထိုလယ်ယာများကို ပြန်လည်စိုက်ပျိုးနိုင်ရန် အခက်ကြုံနေရကာ ရာသီဥတုအခြေအနေကိုလည်း စိုးရိမ်နေရသည်ဟု လယ်သမားများကပြောသည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာက လယ်သမားဦးစိုးနိုင်ကမူ မိုးခေါင်မှုကြောင့် ပျက်စီးသွားသည့်လယ်ယာများကို ပြန်လည်ထွန်ယက်နေသော်လည်း မျိုးစပါးရှားပါးမှုကြောင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်မသေချာသေးဟုပြောသည်။

“မျိုးကတော့ ရှားပါးတဲ့အနေအထားကိုရောက်နေပါတယ်။ အစကတည်းက ကြိုတင်ပြင်ဆင်မှုလည်းမရှိဘူး။ အခုပျက်စီးသွားတဲ့ လယ်ဧကတွေမှာ ကောက်ကြီးစပါးတွေကြဲထားတာ။ အခုက ကောက်ကြီးစပါးမျိုးမရတော့ ထွန်သာထွန်နေရတာ မျိုးစပါးက အခုထိရှာမရသေးဘူး”ဟု ၎င်းကပြောသည်။

ယခုနှစ်တွင် လယ်ယာလုပ်ငန်းကို ကုန်ကျစရိတ်ကြီးမားစွာဖြင့် လုပ်ကိုင်ခဲ့ကြရပြီး ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားသည့်စပါးများကို အစားထိုးစိုက်ပျိုးရန်မှာ ကုန်ကျစရိတ်ကလည်း ကြီးမားလျက်ရှိသည်။

မင်းပြားမြို့နယ်တွင် ယခုနှစ်မိုးခေါင်ခဲ့ပြီး လက်ရှိ မိုးရွာသွန်းမှုရှိနေသော်လည်း မိုးရေချိန် အပြည့်အဝမရရှိသဖြင့် ရေစုပ်စက်များကိုအသုံးပြုကာ ထွန်ယက်စိုက်ပျိုးနေရကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ နရင်းကျေးရွာက လယ်သမား ဦးရွှေမြထွန်းက “ချောင်းမြောင်းတွေနဲ့ နီးတဲ့နေရာတွေမှာဆိုရင် စက်နဲ့ရေစုပ်ပြီး ထွန်ယက်စိုက်ပျိုးနေကြရတယ်။ ကျွန်တော်တို့ဖက်မှာက ရေအရမ်းအရေးကြီးနေတယ်။ စက်နဲ့စုပ်လို့ရတဲ့နေရာတွေမှာ ထွန်ကြတယ်။ မရတဲ့နေရာတွေမှာဆိုရင် မထွန်ကြတော့ဘူး”ဟု ပြောသည်။

ရခိုင်တွင် ယခုနှစ်အတွင်း မိုးရွာသွန်းမှုနည်းပါးပြီး မိုးခေါင်မှုဒဏ်နှင့်ရင်ဆိုင်ကြုံတွေခဲ့ရသည့်အတွက် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့်မြို့နယ်များမှ လယ်ဧကပေါင်း ၃ သိန်းခန့် ပျက်စီးခဲ့ရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းထားသည်။

အဆိုပါသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြက “စပါးပင်တွေ ဖြစ်ထွန်းအောင်လုပ်မယ်ဆိုရင် ရနိုင်တဲ့အခြေအနေရှိတယ်။ အဓိက သက်ငယ်စပါးတွေလိုတယ်။ ရက် ၉၀ ရှိပြီဖြစ်တဲ့ စပါးပင်တွေ၊ ရက်ပေါင်း ၁၁၀ စပါးတွေရှိတယ်။ အဲဒီလိုမျိုး ပျိုးစပါးပင်တွေလိုအပ်တယ်။ ဓာတ်မြေသြဇာတွေ များများသုံးပေးဖို့လိုတယ်။ ပေါင်းသတ်ဆေးတော့ လိုတာပေါ့။ ရေကို သုံးစွဲလို့ရနိုင်သမျှ သုံးဖို့ ရေစုပ်စက်လိုတယ်။ ဒီလိုအထောက်အပံ့တွေရရင် ပျက်စီးသွားတာတွေကိုပြန်စိုက်ဖို့ ရနိုင်တယ်။ ဒါပေမဲ့ ရခိုင်တောင်သူတွေက ကုန်ကျစရိတ်တွေများလို့ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတိုင်းပဲဆုံးရှုံးခံသွားကြရမှာ”ဟု ပြောသည်။

လယ်သမားများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG မှ မေးမြန်းခဲ့ရာတွင် အဆိုပါကိစ္စများကို တင်ပြလာခြင်းမရှိသေး၍ ၎င်းအနေဖြင့် မသိရသေးကြောင်းနှင့် စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်မေးမြန်းကြည့်ရန်သာ ပြောသည်။

ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှသိင်္ဂီကို DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်တွင် စိုက်ပျိုးရေးဧက ၁၂ သိန်းကျော်ရှိပြီး ယခုနှစ်အတွင်း ဧက ၁၀ သိန်းခန့်စိုက်ပျိုးနိုင်ခဲ့ရာ ယင်းအထဲမှ မိုးခေါင်မှုနှင့်ကြုံတွေ့ခဲ့ရသည့်အတွက် ၄၅ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂ၏ စစ်တမ်းအရသိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း ရခိုင်တွင် ရေကြီးမှုဒဏ်ကိုကြုံတွေ့ခဲ့ရသောကြောင့် တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ် ၁၀ မြို့နယ်မှ လယ်ဧကပေါင်း ၁၂၈၀၀ ကျော် ပျက်စီးခဲ့ရသည်။