- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ရေးပဋိပက္ခကြောင့် ရခိုင်က လယ်သမားများ စပါးရိတ်သိမ်းရန် အခက်တွေ့နေ
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို ရိတ်သိမ်းရန်အတွက် အခက်အခဲဖြစ်နေကြောင်း လယ်သမားများထံမှ သိရသည်။
25 Oct 2022
ရခိုင်ပြည်အတွင်းမှ လယ်ယာများကို တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၂၅
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို ရိတ်သိမ်းရန်အတွက် အခက်အခဲဖြစ်နေကြောင်း လယ်သမားများထံမှ သိရသည်။
ယခုအချိန်ကာလသည် စပါးပင်များ မှည့်စပြုနေကြပြီဖြစ်သော်လည်း ကျေးရွာအနီးတွင် စခန်းချထားသည့် မြန်မာစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေသဖြင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသည်ဟု ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။
“အခုဆိုရင် ဆန်ချေအမျိုးအစား စပါးတွေက အမှည့်လွန်နေကြပြီ။ အပြင်မထွက်ရဲကြလို့ မရိတ်ကြရဘူး။ မညှင်းတောင်စခန်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတော့ အကုန်လုံးကြောက်ပြီး မထွက်ရဲကြဘူး။ တချို့ ကျွဲ၊နွားရှိတဲ့သူတွေမှာဆိုရင် ကိုယ့်စားကျက်ကွင်းကိုသွားရင် အပစ်ခံရလို့ တခြားစားကျက်ကွင်းတွေကို ဈေးအဆမတန်ပေးငှားပြီး ကျွဲ၊နွားတွေကျောင်းနေရတယ်။ အခုအနေအထားတောင် ဒီလိုဖြစ်နေမှတော့ ပေါ်ဆန်းမွှေး စပါးတွေ၊ တခြားစပါးတွေမှည့်ရင်လည်း ရိတ်သိမ်းရမယ့် ပုံမပေါ်ဘူး”ဟု သူကဆိုသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြိန်းတောကျေးရွာမှ ဒေသခံများသည် နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှာင်နေကြရပြီး လက်ရှိတွင် ပြိန်းတောကျေးရွာ၌ ကျေးရွာသား သုံးလေးဦးခန့်သာ ကျန်ရှိသည်ဟု အဆိုပါ လယ်သမားကပြောသည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်တို့မှ တောင်သူများမှာ စိုက်ပျိုးထားသည့်စပါးများကို ရိတ်သိမ်းရမည့်အချိန်တွင် မရိတ်သိမ်းနိုင်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ယင်းအပြင် ရာသီဥတုဖောက်ပြန်မှုနှင့်အတူ ဓာတ်မြေသြဇာ၊ စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုများကြားမှ ခက်ခက်ခဲခဲဖြင့်စိုက်ပျိုးထားရသည့် စပါးပင်များကို မရိတ်သိမ်းနိုင်ပါက အခက်အခဲများနှင့် ကြုံတွေ့လာနိုင်သည်ဟု မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။
“စပါးတွေက မှည့်နေကြပြီ။ ရှေ့အပတ်အထိနေလို့မှ စပါးတွေမရိတ်ရရင် ဆုံးပြီ။ လယ်ပြင်ကိုထွက်ရင်လည်း ကြပ်စင်တံတားနားမှာနေတဲ့ မြန်မာစစ်တပ်က ပစ်ခတ်မှုတွေရှိနေတယ်။ သူတို့တွေကိုပဲ ကြောက်နေရတယ်။ ကုန်ဈေးနှုန်းတွေတက်နေတဲ့ကြားက ခက်ခက်ခဲခဲနဲ့စိုက်ထားရတာပါ။ ဒီစပါးတွေကိုသာ မရိတ်သိမ်းလိုက်ရရင် နောက်နှစ်တော့ ထမင်းငတ်ပါပြီ”ဟု သူကဆိုသည်။
မင်းပြားမြို့၊ ကြပ်စင်တံတားအနီးဝန်းကျင်တွင် ဖလောင်းပြင်ရွာသားများနှင့် င/တန်ပျင်းရွာသားများ စိုက်ပျိုးထားသည့် လယ်ဧကပေါင်း (၅၀)ခန့်ရှိပြီး ယင်းအထဲမှ င/တန်ပျင်းရွာသားများ ပိုင်ဆိုင်သည့် စပါးများကို လယ်ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီတပ်သားများမှ ရိတ်သိမ်းယူဆောင်ခြင်းများ ရှိနေသည်ဟု အဆိုပါ လယ်သမားက ပြောဆိုသည်။ ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပါ။
ယင်းအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေမျိုးတွင် စိုက်ပျိုးထားသည့်စပါးများကို ရိတ်သိမ်းနိုင်ရန်အတွက် မလွယ်ကူကြောင်း ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာမှ လယ်သမားတစ်ဦးကဆိုသည်။
“အမြဲလိုလိုထွက်ပြေးနေရတဲ့ အနေအထားမျိုးမှာ ရွာမှာနေပြီး စပါးလာရိတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့မှာ စပါးစိုက်ပျိုးနိုင်ဖို့အတွက် လူတွေဆီက အတိုးနဲ့ချေးထားရတာ။ စပါးမရိတ်ရရင် အကြွေးလည်း ဆပ်နိုင်မှာမဟုတ်ဘူး။ ဆပ်စရာလည်းမရှိဘူး။ စားဝတ်နေရေးလည်း အခက်အခဲပါပဲ”ဟု ၎င်းကပြောသည်။
တစ်ဖက်တွင် ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်သူများမှာ ဓာတ်မြေသြဇာများ လုံလောက်စွာအသုံးမပြုနိုင်ခြင်း၊ တကျော့ပြန် တိုက်ပွဲများကြောင့် ထွန်ယက်ပြီးစပါးများကို ဂရုတစိုက်ပြုစုပျိုးထောင်နိုင်ခြင်း မရှိသည့်အတွက် ရခိုင်ပြည်တွင် ယခုနှစ်အတွင်း စပါးအထွက်နှုန်းများ ကျဆင်းလာနိုင်သည်ဟု တောင်သူများက ခန့်မှန်းကြသည်။
“ဒီနှစ်မှာ ရာသီဥတုကြောင့် စပါးထွက်နှုန်း လျော့နည်းမယ့် အခြေအနေဖြစ်နေတယ်။ အဓိတော့ မြေသြဇာတွေက အလွန်ဈေးတက်သွားတော့ မြေသြဇာတွေ ပုံမှန်မဖြန်းနိုင်ကြဘူး။ နှစ်ကြိမ်ဖြန်းရမှာကို တစ်ကြိမ်ပဲဖြန်းနိုင်တယ်။ နောက်တိုက်ပွဲတွေက ကျနော်တို့ဘက်မှာမဖြစ်ပေမယ့် ဘယ်နေ့ဖြစ်လာမှာမှန်းမသိ့ဘူး။ ဖြစ်လာဖို့လည်း များနေတယ်။ ဒါကြောင့် အလုပ်အကိုင်တွေကိုလည်း စိတ်ချလက်ချမလုပ်ရဘဲဖြစ်နေတယ်”ဟု ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ အခြေအနေများတွင် တိုက်ပွဲအကျိုးဆက်ကြောင့် စိုက်ပျိုးပြီးစပါးပင်များကို အချိန်မီမရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးသွားမည်ကို တောင်သူများမှ စိုးရိမ်နေကြရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြကပြောသည်။
“ဒီနှစ်မှာ ရခိုင်ဒေသက လယ်သမားတွေဟာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ အရင်းငွေကို ပြန်ရနိုင်ဖို့တောင် မလွယ်ဘူး။ ရာသီဥတုဖောက်ပြန်တယ်။ ပြီးရင် ဓာတ်ဆီတွေ၊ ဓာတ်မြေသြဇာတွေက ဈေးနှုန်းအလွန်တရာ များတဲ့အတွက်ကြောင့် မသုံးနိုင်တာတွေပါတယ်။ သုံးနိုင်တဲ့သူတွေမှာလည်း သွင်းအားစုတွေများတယ်။ အဲဒီကြားထဲမှာ တိုက်ပွဲတွေကပြင်းထန်လာပြီး လမ်းခရီးတွေကို ပိတ်ဆို့မှုတွေလုပ်ထားမယ်ဆိုရင် စပါးဈေးတွေ မဖြစ်ဘဲနဲ့ အခက်အခဲတွေအများကြီးဖြစ်လာမှာကို ကျနော်တို့ လယ်သမားတွေစိုးရိမ်နေကြတယ်”ဟု သူကဆိုသည်။
ယခင်က လယ်တစ်ဧကတွင် (၆၅)တင်းထွက်နိုင်ခဲ့သော်လည်း ယခုနှစ်အတွင်း လယ်တစ်ဧကတွင် တင်း(၅၀)ခန့်သာ ထွက်နိုင်သည်ဟု ဦးအောင်ကျော်မြက ခန့်မှန်းပြောဆိုသည်။
ရခိုင်ပြည်တွင် စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိရာမှ ယခုနှစ်အတွင်းတွင် အခြေအနေအမျိုးမျိုးကြောင့် လယ်ဧကရှစ်သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူ လယ်သမားသမဂ္ဂ၏ စာရင်းများမှ သိရသည်။
ယင်းအပြင် တကျော့ပြန်တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်တို့မှ စိုက်ပျိုးပြီး စွန့်ပစ်ထားရသည့် လယ်ဧက ငါးသောင်းခန့်ရှိပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်များထက် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု အဆိုပါ တောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းထားသည်။