မြောက်ဦးနန်းတော်ကုန်းပေါ်ရှိ ရှေးဟောင်းရုပ်ထုနှစ်ခု ဖျက်ဆီးခံရ

မြောက်ဦးမြို့၊ နန်းတော်ကုန်းပေါ်ရှိ မြောက်ဦးခေတ်လက်ရာ ရုပ်ထုနှစ်ခု ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခံထားရသည်ကိုတွေ့ရှိခဲ့ရသည်ဟု ဒေသခံများကပြောသည်။

02 Jun 2022

ဖျက်ဆီးခံရသည့် မြောက်ဦးမြို့မှ ရှေးဟောင်းလက်ရာ ရုပ်ထုနှစ်ခုအားတွေ့ရစဉ်။ ဓါတ်ပုံ - Khine Murn Chun

DMG ၊ ဇွန် ၂

မြောက်ဦးမြို့၊ နန်းတော်ကုန်းပေါ်ရှိ မြောက်ဦးခေတ်လက်ရာ ရုပ်ထုနှစ်ခု ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခံထားရသည်ကိုတွေ့ရှိခဲ့ရသည်ဟု ဒေသခံများကပြောသည်။

ဖျက်ဆီးခံရသည့် ရုပ်ထုများတွင် ဓက္ကားမင်း(ခေါ်) အဖိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူဂမှုံးဖြူရုပ်ထုများဖြစ်ကြပြီး မျက်စိများကိုဖောက်ထုတ်ခြင်း၊ နှာခေါင်းနှင့်မျက်နှာများကို ဖျက်ဆီးထားခြင်းများကိုတွေ့မြင်ခဲ့ရသည်ဟု ဒေသခံ ကိုခိုင်မင်းသျှင်က ပြောသည်။

ထိုကဲ့သို့ဖျက်ဆီးခြင်းမှာ မည်သူတို့၏လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။ ထိုကဲ့သို့ ဖျက်ဆီးခံရလိုက်ရခြင်းမှာ ရှေးဟောင်းအမွေအနှစ်များ အချိန်မရွေးဖျက်ဆီးခံရနိုင်သည့်သဘော သက်ရောက်နေသည်ဟု မြောက်ဦးအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“ဒီလိုဖျက်ဆီးခံရတာဟာ မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ အချိန်မရွေးဖျက်ဆီးလို့ရတယ်။ ဖျက်ဆီးနိုင်တယ်ဆိုတာကို ပြသနေခြင်းတစ်ခုပဲ။ ဒါကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ခြိမ်းခြောက်မှုပေါင်းစုံရှိတယ်ဆိုတာကို ဖော်ပြနေခြင်းဖြစ်တယ်“ဟု ၎င်းကဆိုသည်။

အဆောက်အအုံဆောက်လုပ်ပြီး စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားသည့် အဆိုပါရုပ်ထုနှစ်ခု ဖျက်ဆီးခံလိုက်ရခြင်းမှာ မလုံခြုံမှုများကြောင့်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

“ဂေါပက,က ထိန်းထားတာမဟုတ်ဘူး။ နန်းတော်ကုန်းပေါ်မှာ ရုံနဲ့ထိန်းသိမ်းထားတာ။ အဲဒီနေရာမှာ အခုလိုဖျက်ဆီးခံလိုက်ရတာ။ အဲဒီစနစ်တကျထိန်းထားတဲ့ကြားထဲကမှ ဖျက်ဆီးတာခံလိုက်ရတယ်။ အစောင့်မရှိပဲနဲ့ ရုံနဲ့ထိန်းသိမ်းထားတဲ့ ရှေးဟောင်းဝတ္တုပစ္စည်းဖျက်ဆီးခံလိုက်ရတယ်။ တစ်မြို့လုံးမှာ ရှေးဟောင်းဝတ္တုပစ္စည်းတွေက ပြန့်ကြဲပြီးတည်ရှိနေတာလေ။ မလုံခြုံလို့ ဖျက်ဆီးခံလိုက်ရတယ်ပေါ့။ အဲလိုပဲပြောရမှာပဲ”ဟု ၎င်းကဆိုသည်။   

မြောက်ဦးဒေသကို ယူနက်စကိုဝင်ရောက်နိုင်ရေး ကြိုးပမ်းနေချိန်တွင် ရှေးဟောင်းရုပ်ထုများဖျက်ဆီးခံလိုက်ရခြင်းမှာ ဆုံးရှုံးမှုရှိသဖြင့် နောက်နောင် ယခုကဲ့သို့မဖြစ်ရအောင် လုံခြုံရေးဝန်ထမ်းများနှင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း မြောက်ဦးဒေသခံ ကိုရှိုင်းဘုချေကပြောသည်။

ယခင်ကလည်း ထိုကဲ့သို့ တန်ဖိုးကြီးရုပ်ထုများ ဖျက်ဆီးခံခဲ့ရဖူးပြီး ယခုတဖန် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။