- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စားအုန်းဆီ သိုလှောင်ထားသူများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည်ဟုဆို
စားအုန်းဆီများကို သိုလှောင်ထားသူများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက DMG သို့ပြောသည်။
26 Apr 2022
DMG ၊ ဧပြီ ၂၆
စားအုန်းဆီများကို သိုလှောင်ထားသူများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက DMG သို့ပြောသည်။
ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဈေးတင်ရောင်းချခြင်းများရှိပါက စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးမှူးကော်မတီသို့ တိုင်ကြားနိုင်သည်ဟု ၎င်းကဆိုသည်။
“ပုံမှန်ဈေးမဟုတ်ဘူးဆိုရင် အားမပေးကြပါနဲ့။ နောက်ပြီး ကျွန်တော်တို့ကော်မတီကိုလည်း တိုင်လို့ရပါတယ်။ ကော်မတီကို ကျွန်တော်ဦးဆောင်တာပါ။ ဈေးအရမ်းတက်နေပေမယ့် ကုန်ပြတ်သွားမယ်ဆိုတဲ့စိုးရိမ်စိတ်နဲ့ ဝယ်ဖို့မစဉ်းစားကြပါနဲ့။ ကျွန်တော်တို့ဆီမှာ ကုန်ပစ္စည်းအလုံအလောက်ရှိပါတယ်”ဟု ဦးမြင့်ချိုကပြောသည်။
လက်ရှိစားသုံးဆီမှာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တားမြစ်မိန့်ထုတ်ထားသည့် စာရင်းတွင်ပါဝင်သည့်အတွက် ဈေးကစားလိုသူများကို ထိုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် စားအုန်းဆီကို အဓိကတင်သွင်းနေရသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လာမည့် ဧပြီ ၂၈ ရက်နေ့မှစတင်ကာ စားသုံးဆီတင်ပို့ရောင်းချမှုများကို ရပ်ဆိုင်းဆိုင်းတော့မည်ဆိုသောသတင်းကြောင့် ပြည်သူများအနေဖြင့် ပြည်တွင်းစားသုံးဆီဈေးကွက်တွင် မတည်ငြိမ်မှုများမရှိစေရေးအတွက်လည်း ဆောင်ရွက်လျှက်ရှိသည်ဟု ဦးမြင့်ချိုကပြောသည်။
“လက်တလောအခြေအနေမှာတော့ ကျွန်တော်တို့က အင်ဒိုက ဈေးသက်သာတဲ့အတွက် အဲဒီကစားအုန်းဆီကိုသွင်းတယ်။ ဒါပေမယ့် သူ့ဆီကမသွင်းရရင် မလေးရှားနိုင်ငံက လှည့်သွင်းလို့ရတယ်။ ဆီသိုလှောင်ကန်တွေမှာလည်း တန်ချိန်သုံးသောင်းလောက်ရှိသေးတယ်။ နောက်ပြီး ကျွန်တော်တို့ဆီမှာ တစ်လကိုပုဂ္ဂလိကကုမ္ပဏီတွေကနေ ဆီတန်ချိန်ငါးသောင်းလောက်သွင်းနေတာတွေရှိတဲ့အတွက် ဆီပြတ်လပ်မှုတွေကဖြစ်မှာမဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့တင်သွင်းသည့် စားအုန်းဆီ ၉၆ ရာခိုင်နှုန်းမှာ အင်ဒိုနီးရှားနိုင်ငံမှဖြစ်ပြီး ပြည်တွင်းတွင် တစ်နှစ်လျှင် ထုတ်နိုင်သည့်စားသုံးဆီပမာဏမှာ တန်ချိန်သုံးသိန်းခန့်သာရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် တာဝန်ရှိသူများအနေဖြင့် မည်မျှပင်စားအုန်းဆီလုံလောက်သည်ဟုပြောဆိုနေသော်လည်း လက်ရှိတွင် ရခိုင်မှ စားအုန်းဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်မှဝယ်ယူရာတွင် ဆီပြတ်လပ်မှုများနှင့်ကြုံတွေ့နေရကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် စားသုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ဟိုတလောက သူတို့ဆီမှာတော့ ဆီမပြတ်ဘူး။ ဆီရှိတယ်လို့တော့ကြားတယ်။ ဒါပေမယ့် အပြင်မှာဝယ်လို့မရတာတော့ တကယ်ဖြစ်နေတယ်။ အစိုးရအနေနဲ့ ဆီတွေရှိတယ်ပြောနေပေမယ့် အပြင်မှာ ဆီတွေဝယ်မရတော့ ဈေးတွေကမဆင်းလာတော့ဘူး။ ဈေးတွေက ပိုပိုတက်လာနေတာပေါ့”ဟု ၎င်းကဆိုသည်။
ယနေ့ရန်ကုန်ရှိ ကုန်စည်ဒိုင်များတွင် စားအုန်းဆီဆယ်ပိဿာဆံ့ တိုင်ကီတစ်ဗုံးလျှင် ငွေကျပ် ၇၂၀၀၀ အထိ ဈေးမြင့်တက်လျှက်ရှိနေကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များထံမှသိရသည်။
ရခိုင်ပြည်နယ်တွင် စားအုန်းဆီကို နိုင်ငံခြားမှတိုက်ရိုက်မှာယူတင်သွင်းနိုင်သူမရှိကြောင်း၊ ရန်ကုန်ရှိ ကုန်စည်ဒိုင်များမှတစ်ဆင့် လိုအပ်သည့်ဆီပမာဏများကို မှာယူတင်သွင်းရခြင်းဖြစ်သည့်အတွက် စားအုန်းဆီဈေးနှုန်းများမြင့်တက်လာနိုင်ပြီး အလွန်ဈေးမြင့်တက်ခြင်းမဖြစ်စေရေးအတွက် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG ကိုပြောသည်။
“အခုက လိုသလောက်မှာလို့မရတာတွေလည်း ကြားနေရတယ်။ ဈေးကွက်စီးပွားရေးစနစ်အရ ပစ္စည်းရှားရင် ဈေးနှုန်းကတော့တက်လာမယ့်အနေအထားတော့ မြင်နေရပါတယ်။ ဒါပေမယ့် မဖြစ်သင့်တဲ့ဈေးတွေ မဖြစ်ရအောင်တော့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းထိန်းညှိပေးသွားဖို့ရှိပါတယ်”ဟု ၎င်းကရှင်းပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းနေသည့်ကုမ္ပဏီပေါင်း ၅၉ ခုရှိနေပြီး ဦးပိုင်ကဲ့သို့ကုမ္ပဏီများလည်း ဆီတင်သွင်းရာတွင်ပါဝင်နေကြောင်း ဆီကုန်သည်များထံမှ သိရသည်။