ရခိုင်တွင် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု မိနစ်အနည်းငယ်လှုပ်ခတ်ခဲ့

ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

02 Jun 2022

DMG ၊ ဇွန် ၂

ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

ငလျင်လှုပ်ခတ်မှုမှာ (၁)မိနစ်ကျော်ကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမကြားမိသေးကြောင်း ဂွမြို့နယ်မှ ကိုကျော်မြင့်မောင်ကပြောသည်။

"လှုပ်တာကတော့ တော်တော်လှုပ်သွားတယ်။ နေအိမ်တွေကို တုန်သွားအောင်လှုပ်သွားတာ။ အကြာကြီးတော့မလုပ်ခဲ့ဘူး။ တစ်မိနစ်ကျော်ကျော်လောက်ဘဲ လှုပ်ခတ်သွားတယ်။ အပျက်အစီးတော့မရှိဘူး"ဟု ၎င်းကဆိုသည်။

အလားတူ သံတွဲမြို့နယ်တွင်လည်း မြေငလျင်လှုပ်ခတ်မှုရှိခဲ့ကြောင်း သံတွဲမြို့နယ်၊ ငပလီမြို့ခံ ကိုတင်ထွန်းအောင်က ပြောဆိုသည်။

"ည ၁၁ နာရီလောက်မှာလှုပ်တာ။ ထိုင်ခုံမှာထိုင်နေရင်း ခုန်ကလှုပ်လာတာ။ တော်တော်ကြောက်သွားတယ်။ အားကတော့ပြင်းတယ်"ဟု ၎င်းကဆိုသည်။

အဆိုပါမြေငလျင်မှာ ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆)မိုင်ခန့်ကွာဝေးသော မြောက်လတ္တီတွဒ် (၁၇ ဒသမ ၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၃၄)ဒီဂရီ၊ အနက် (၁၄) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၄)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သော ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုနှင့် ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု ဆက်တိုက်လှုပ်ခတ်မှု ရှိခဲ့သည်။

ရခိုင်တွင် ငလျင်ပြတ်ရွှေ့ကြော သုံးခုနှင့်အထက်တည်ရှိနေပြီး ပြတ်ရွှေ့ကြောများကြောင့် ဆူနာမီရေလှိုင်းများကို ဖြစ်ပေါ်စေနိုင်သည့် အင်အားကြီးငလျင်များပေါ်ပေါက်လာစေနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က သတိပေးပြောကြားထားသည်။

မြောက်ဦးပြတ်ရွှေ့၊ ကုလားတန်ပြတ်ရွှေ့နှင့် သူဌေးချောင်းပြတ်ရွှေ့တို့အပြင် ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် အိန္ဒိယမြေထုချပ်မှ မြန်မာမြေထုချပ်ထဲသို့တိုးဝင်နေသည့် ဖြစ်စဉ်တစ်ခုပါရှိနေသည့်အတွက် ရခိုင်တွင် ငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်းလည်း ၎င်းက DMG သို့ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ရှိ ငလျင်ကြောများအကြောင်းနှင့် ငလျင်အထောက်အထားများသိရှိနိုင်ရန် ရခိုင်ပြည်နယ်တွင် ငလျင်တိုင်းတာစက် ခြောက်လုံးတပ်ဆင်ကာ လေ့လာမှုများပြုလုပ်နေပြီဖြစ်ပြီး လာမည့် နှစ်နှစ်ခန့်တွင် အဖြေကိုသိရှိလာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင်သတင်းထုတ်ပြန်ချက်များအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကုန်းတွင်းပိုင်း၌ မြေငလျင် ၆၉ ကြိမ်၊ အက်ဒမန်ပင်လယ်အတွင်းတွင် တစ်ကြိမ်၊ စုစုပေါင်းအကြိမ် ၇၀ လှုပ်ခတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင် အကြိမ်ရေ ၁၆၅ ကြိမ်အထိ လှုပ်ခတ်မှုများရှိခဲ့သည်။