မိုးမိတ်ဒေသက စစ်ကောင်စီစခန်း (၃)ခုကို TNLA သိမ်းပိုက်

လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို ဇူလိုင် ၇ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း TNLA က ထုတ်ပြန်သည်။ 

By Admin 09 Jul 2024

မိုးမိတ်ဒေသက စစ်ကောင်စီစခန်း (၃)ခုကို TNLA သိမ်းပိုက်

DMG ၊ ဇူလိုင် ၉ 

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်သည်။ 

လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို ဇူလိုင် ၇ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း TNLA က ထုတ်ပြန်သည်။ 

နောင်ချိုမြို့နယ်တွင် ဇူလိုင် ၈ ရက်၊ နံနက် ၄ နာရီကျော်တွင် TNLA ၊ MDY PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၏ ဒုံးတပ် (၆၀၆) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။ 

ဒုံးတပ်(၆၀၆)စခန်း အနီးတဝိုက်ကို စစ်ကောင်စီက Y12 ဖြင့် (၈) ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြို့အတွင်းသို့ တစ်ကြိမ်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ 

မိုးကုတ်မြို့နယ် မိုင်တိုင် (၅) နှင့် အိုက်ဆောင်တောင်အနီးတဝိုက်တွင် TNLA နှင့် စစ်ကောင်စီ၏ လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ (၅)မိုင်ကို စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ Jet Fighter ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

သီပေါမြို့နယ် သီပေါတံတားအနီးတဝိုက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို ဇူလိုင် ၈ ရက်၊ နံနက် ၁၀ နာရီကျော် တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ဆိုသည်။ 

ဟိုင်ဂင်သဘောတူညီချက်ပျက်ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲအဖြစ် ဇွန် ၂၅ ရက်မှစပြီး ရှမ်းမြောက်နှင့် မန္တလေးတိုင်းတွင် TNLA နှင့်ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ 

တိုက်ပွဲ ၁၄ ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး နောင်ချို၊ မိုးမိတ်နှင့် သီပေါနှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တို့တွင် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေမှာလည်း မြင့်တက်လာနေသည်။