လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးသွေးဝယ်လိုအား မြင့်တက်နေ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေမှုကြောင့် မီးသွေးများ ဝယ်လိုအားမြင့်တက်လာနေသည်။

By DMG 05 Jan 2022

DMG ၊ ဇန်နဝါရီ ၅

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေမှုကြောင့် မီးသွေးများ ဝယ်လိုအားမြင့်တက်လာနေသည်။

နေ့စဉ်ရက်ဆက်ဆိုသလို လျှပ်စစ်မီးပြတ်တောက်နေခြင်းကြောင့် မီးသွေးဝယ်ယူသုံးစွဲသူများလာကာ မီးသွေးရောင်းအားကောင်းလာသည်ဟု စစ်တွေမြို့မှ မီးသွေးပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးကျော်သာစိန်မှ DMG သို့ပြောသည်။

“လျှပ်စစ်မီး အပြည့်အဝပေးထားရင်တော့ မီးသွေးက ဒီလောက်ထိမရောင်းရဘူး။ အခုက ထမင်းချက်ချိန်ဆို မီးကပြတ်ပြီ။ မနက်လည်းပြတ်၊ ညနေလည်းပြတ်ဆိုတော့ မြို့ထဲမှာလည်း မီးသွေး ဝယ်ယူသုံးစွဲသူများသွားတယ်”ဟု ဦးကျော်သာစိန်က ပြောသည်။

ယင်းသို့ မီးသွေးဝယ်ယူသုံးစွဲသူများပြားလာခြင်းကြောင့် တခါတရံ နယ်မှမီးသွေးအချိန်မီမရောက်နိုင်သဖြင့် မီးသွေးဈေးနှုန်းမှာ ယခင်က တစ်အိတ်လျှင် ကျပ် ၅ဝဝဝ နှုန်းရှိရာမှ လက်ရှိတွင် ၆၅ဝဝ ကျပ်နှင့် ၇၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း မီးသွေးရောင်းချသည့်ဆိုင်များမှ စုံစမ်းသိရှိရသည်။

ထိုသို့မီးသွေးဈေးနှုန်းမြင့်တက်လာသဖြင့် မီးသွေးကိုအသုံးပြုပြီး မုန့်ပဲသရေစာများပြုလုပ်ရောင်းချနေသူတို့မှာ အဆင်မပြေမှုများလည်းဖြစ်ပေါ်နေသည်။

“အဘွားက မုန့်လုပ်ရောင်းတာလေ။ မုန့်ရောင်းရတာက အဆင်မပြေဘူး။ အရင်ကမီးသွေးတွေ ဈေးကဒီလောက်ထိမရှိဘူး။ မီးသွေးတွေ ဈေးတက်လာလို့လေ”ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင်နေထိုင်သည့် အဘွားတစ်ဦးက DMG သို့ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု၏အကျိုးဆက်အဖြစ် မီးသွေးဈေးမြင့်တက်လာမှုကြောင့် ထမင်းဆိုင်ပိုင်ရှင်များမှာလည်း အခက်ကြုံနေရကြောင်း စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် ‌ဒေါ်အေးသန်း‌ရွှေမှပြောသည်။

“မီးသွေးက ဈေးတွေတက်တော့ ကုန်ကျစရိတ်အရမ်းများတယ်။ အန်တီတို့က ထမင်းဆိုင်ဆိုတော့ ဟင်းချက်ရတဲ့အိုးတွေ အရမ်းများတယ်။ အဲဒါကြောင့် လျှပ်စစ်မီးဖိုရော၊ မီးသွေးမီးဖိုရော သုံးရတယ်။ အခုက လျှပ်စစ်မီးလည်းပြတ်၊ မီးသွေးတွေလည်းဈေးတက်တော့ အခက်ကြုံရတယ်”ဟု ဒေါ်အေးသန်းရွှေက DMG သို့ ပြောသည်။

လျှပ်စစ်မီး မကြာခဏပြတ်တောက်နေရခြင်းမှာ တနိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကျဆင်းနေခြင်း၊ လူထုအသုံးပြုမှုများပြီး ဓာတ်အားထုတ်လုပ်မှုနည်းနေသည့်အတွက် ဓာတ်အားမမီခြင်းဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ တာဝန်ရှိသူတို့က မီဒီယာများကိုပြောဆိုထားသည်ကို တွေ့ရသည်။

ယင်းကြောင့် မြို့တိုင်းတွင် အလှည့်ကျလျှပ်စစ်မီးများပြတ်တောက်မှုဖြစ်ပေါ်လာကာ တစ်နေ့လျှင် မီးတစ်ကြိမ်ပြတ်တောက်ပါက အနည်းဆုံး ၃ နာရီကျော်အထိ အချိန်ကြာမြင့်တတ်သည်ကို တွေ့ရသည်။