- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ယာဉ်စီးခ ဈေးနှုန်းမြင့်တက်လာသောကြာင့် လေယာဉ်ဖြင့် ခရီးသွားလာမှု ပိုများလာ
စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေးသို့ ခရီးသွားလာမည့်သူများမှာ ယာဉ်စီးခဈေးနှုန်းမြင့်တက်လာသောကြောင့် လေကြောင်းခရီးစဉ်ဖြင့်သွားလာမှု ပိုမိုများပြားလာနေသည်။
25 Oct 2021
DMG ၊ အောက်တိုဘာ ၂၅
စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေးသို့ ခရီးသွားလာမည့်သူများမှာ ယာဉ်စီးခဈေးနှုန်းမြင့်တက်လာသောကြောင့် လေကြောင်းခရီးစဉ်ဖြင့်သွားလာမှု ပိုမိုများပြားလာနေသည်။
ယခင်က စစ်တွေ-ရန်ကုန်ခရီးစဉ် မော်တော်ယာဉ်လက်မှတ်ခ ဈေးနှုန်းမှာ ကျပ် ၂၅၀၀၀ ဖြစ်ပြီး လေယာဉ်လက်မှတ်ခ ဈေးနှုန်းမှာ အမျိုးအစားအလိုက် ခန့်မှန်းခြေ ကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ထိ ရှိခဲ့သည်။
ကိုဗစ်ကာလအချိန်မှစတင်ကာ ခရီးသည်ယာဉ်များမှ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရသဖြင့် ယာဉ်ပေါ်ရှိ ထိုင်ခုံနှစ်ခုံစာနေရာတွင် ခရီးသည်တစ်ဦးသာထိုင်ရသောကြောင့် ယာဉ်လက်မှတ်ခဈေးနှုန်းများကို တိုးမြှင့်ခဲ့သည်။
လက်ရှိအချိန်တွင် စစ်တွေ-ရန်ကုန်ယာဉ်စီးခမှာ ကျပ် ၃၅၀၀၀ မှ ၄၅၀၀၀ အထိရှိပြီး လေယာဉ်လက်မှတ်ခဈေးနှုန်းမှာ အနိမ့်ဆုံးအနေဖြင့် ကျပ် ၄၅၀၀၀ သာရှိသဖြင့် ဈေးနှုန်းမကွာသောကြောင့် အများစုမှာ လေကြောင်းခရီးစဉ်ဖြင့် ခရီးသွားလာမှု ပိုမိုများပြားလာသည်။
“လေယာဉ်ဈေးနဲ့ ကားဈေးကသိမ်မကွာဘူး၊ လေယာဉ်နဲ့သွားရင် နေ့ချင်းရောက်တယ်။ ကားနဲ့ဆို တစ်ညအိပ်ရတာလည်းရှိတယ်။ ခရီးစရိတ်လည်းများတယ်။ အဲဒါကြောင့် လေကြောင်းနဲ့ အသွားအလာပိုများလာတယ်”ဟု ရန်ကုန်-စစ်တွေခရီးသွားနေသည့် ကိုသူရိန်ကပြောသည်။
ယင်းကဲ့သို့ ခရီးသည်အများစုမှာ လေကြောင်းခရီးစဉ်ဖြင့် သွားလာနေသောကြောင့် စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေး ခရီးစဉ်ပြေးဆွဲနေသော အဆင့်မြင့်မှန်လုံခရီးသည်တင်ယာဉ်ပိုင်ရှင်များအနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ခရီးသည်များအနေဖြင့်လည်း ယာဉ်ဖြင့်ခရီးသွားလာပါက လမ်းခုလတ်တွင် အစစ်အဆေးများပြီး စစ်တွေမှ ရန်ကုန်၊ မန္တလေးသို့ ခရီးသွားလာမှုမှာလည်း လတ်တလောအချိန်တွင် နည်းပါးလာကြောင်း ရွှေပြည်သစ်မော်တော်ယာဉ်ဂိတ်မှ စာရေးမတစ်ဦးက ရှင်းပြသည်။
“ယာဉ်လိုင်းက ပြေးဆွဲနေတယ်ဆိုပေမယ့် ခရီးသည်တွေအများကြီးမပါဘူး၊ ကျမတို့က အခုဆို ကုန်နဲ့ပဲသွားနေရတာ။ ကားလက်မှတ်ဈေးက သုံးသောင်းခွဲရှိတယ်။ သုံးသောင်းရှိတယ် အစားစားပေါ့။ အရင်ကဆို ကားလက်မှတ်ဈေးက နှစ်သောင်းကျော်ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ခရီးသည်ယာဉ်များမှာ ခရီးသည်မပါဘဲ ကုန်စည်များဖြင့် ခရီးစဉ်သွားလာနေရကြောင်း ကြံတိုင်းအောင်ကားဂိတ်မှုူး ဦးထွန်းတင်ကပြောသည်။
“ကားတွေက ခရီးစဉ်ပုံမှန်အတိုင်း ပြေးဆွဲပေးနေတယ်။ ဒါပေမဲ့ လိုက်မယ့်ခရီးသည်ကနည်းတော့ ကုန်နဲ့ အဓိကသွားလာနေရတာပေါ့။ ခရီးစဉ်တစ်ခေါက်ဆို လိုက်မယ့်ခရီးသည့်က နှစ်ယောက် သုံးယောက်လောက်ပဲပါတာ။ အခု ဆီဈေးတက်လာတော့ ပိုဆိုးတာပေါ့။ ယာဉ်ပိုင်ရှင်တွေအရှုံးပေါ်တယ်”ဟု ၎င်းကရှင်းပြသည်။
စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေး ခရီးစဉ်ပြေးဆွဲနေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ လက်ရှိအချိန်တွင် ခရီးသည်လိုက်ပါမှု လျော့နည်းလာသဖြင့် ကုန်စည်တင်ပို့မှုကို အဓိက အားထားနေရကြောင်း၊ စစ်တွေမှ ရန်ကုန်၊ မန္တလေးသို့ ကုန်စည်တင်ပို့လျှင် တန်ဆာခအဖြစ် တစ်ပိဿာ ၈၀ ကျပ်ယူကြောင်းနှင့် ရန်ကုန်၊ မန္တလေးမှ စစ်တွေမြို့သို့ ကုန်စည်တင်ပို့လျှင် တန်ဆာခ တစ်ပိဿာ ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိယူကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။