- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က စာစစ်ဌာနတချို့ကို မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးမည်ဆိုပါက အခက်ကြုံလာနိုင်ဟု ကျောင်းသားမိဘများပြော
လာမည့်မတ်လ ၃၁ ရက်နေ့မှစတင်ကာ စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်က စာစစ်ဌာန ၂၀ ခုအား လုံခြုံရေးအခြေအနေအရဟုဆိုကာ မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးမည်ဟုဆိုသဖြင့် အခက်အခဲများကြုံတွေ့လာနိုင်ကြောင်း ကျောင်းသားမိဘများက DMG သို့ပြောသည်။
09 Mar 2022
DMG ၊ မတ် ၉
လာမည့်မတ်လ ၃၁ ရက်နေ့မှစတင်ကာ စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်က စာစစ်ဌာန ၂၀ ခုအား လုံခြုံရေးအခြေအနေအရဟုဆိုကာ မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးမည်ဟုဆိုသဖြင့် အခက်အခဲများကြုံတွေ့လာနိုင်ကြောင်း ကျောင်းသားမိဘများက DMG သို့ပြောသည်။
ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း (၁၂၈)ခုရှိပြီး ယင်းအထဲမှ မင်းပြား၊ အမ်း၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ် ၆ ခုမှ စာစစ်ဌာန(၂၀)ခုအား မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းသည် နိုင်ငံတော်အဆင့်မေးခွန်းဖြစ်သည့်အတွက် လုံခြုံရေးအရတာဝန်ယူပေးမည့် ရဲတပ်ဖွဲ့ဝင်များရှိမှသာလျှင် စစ်ဆေး၍ရမည်ဖြစ်သဖြင့် ဌာနဆိုင်ရာအားလုံးနှင့်ညှိနှိုင်းကာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက DMG သို့ပြောသည်။
“စာစစ်ဌာနတ်ခုတည်ဆောက်တယ်၊ စစ်ဆေးတယ်၊ မေးခွန်းယူတယ်ဆိုတာ သက်ဆိုင်ရာပြည်သူ့ရဲက လိုက်ပါဆောင်ရွက်မှသာလျှင် ဒီမေးခွန်းကိုယူလို့ရတယ်။ အဲဒီနေရာမှာ ရဲတွေမရှိရင် စစ်ဆေးလို့မရဘူး။ ဘယ်သူက တာဝန်ယူပါတယ်၊ တာဝန်ခံပါတယ်ဆိုပြီးလုပ်လို့မရဘူး။ ပြည်သူ့ရဲတွေရှိမှသာလျှင် ကျနော်တို့ဒီမေးခွန်းလွှာတွေကို ထားလို့၊ယူလို့ရတယ်”ဟု ၎င်းကပြောသည်။
ယခင်နှစ်များကဲ့သို့ အနီးအနားရှိ ယိုးတရုတ်၊ မြတ်လှဲ၊ ကွမ်းတောင်ရှိ စာစစ်ဌာနများ၌ဖြေခွင့်မရဘဲ မြို့ပေါ်အထိသွားရောက်ဖြေဆိုရမည်ဆိုပါက ယခုကဲ့သို့ကုန်ဈေးနှုန်းမြင့်တက်နေသည့် အခြေအနေမျိုးတွင် အခက်အခဲများစွာရှိနိုင်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးလှထွန်းသာကပြောသည်။
“မြို့အထိသွားမယ်ဆိုရင် နေမယ့်အိမ်လည်းငှါးရတော့မယ်။ စားစရိတ်တွေဆိုလည်း အခုအနေအထားနဲ့ဆိုရင် မလွယ်ဘူး။ မိဘတွေကလည်း ဒီကာလမှာ အလုပ်အကိုင်အဆင်ပြေကြတာမဟုတ်ဘူး။ သားသမီးပညာရေးအတွက်သာ မတတ်သာလို့ သွားဖြေကြရမှာ။ တကယ်လို့အနီးအနားရွာက စာစစ်ဌာနတွေမှာဖြေရရင် ငွေကုန်ကြေးကျသိပ်များမှာမဟုတ်ဘူး။ ညအိပ်မနေဘဲ စက်လှေနဲ့ရက်ချင်းပြန်သွားဖြေလို့ရတယ်။ အခုလို မြို့အထိသွားဖြေရမှာသာသိရင် တချို့အလွန်ဆင်းရဲကျပ်တည်းတဲ့သူတွေဆို မဖြေဘဲကျန်ခဲ့နိုင်တယ်”ဟု ၎င်းကဆိုသည်။
ယင်းအပြင် တချို့ကျေးရွာများ၌ ကိုယ်ပိုင်စာစစ်ဌာနရှိသလို လုံခြုံရေးအတွက် တာဝန်ယူပေးမည့် ရဲစခန်းများ၊ မေးခွန်းလွှာများထိန်းသိမ်းမည့် စာစစ်ဘဏ်များကအစရှိနေသော်လည်း မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးခိုင်းသည့်အပေါ် ဝေဖန်မှုများလည်းရှိနေကြသည်။
“ကျနော်တို့ပန်းမြောင်းမှာဆိုရင် သူတို့ပြောသလို ရဲစခန်းမရှိလို့ဆိုတဲ့အကြောင်းပြချက်ပေးဖို့ကလည်း ဒီမှာက ရဲစခန်းလည်းရှိတယ်။ လုံခြုံရေးအနေနဲ့လည်း ရွာကရဲတွေတင်မက မြို့နယ်ရဲမှူး၊ ခရိုင်ရဲမှူးတွေကလည်း တာဝန်ယူတယ်။ မင်းပြားက စာစစ်ဌာန ၈ ခုထဲမှာ ကမ်းနီ၊ မင်းရွာ၊ ပန်းမြောင်းဆိုပြီး နယ်စာစစ်ဌာန ၃ ခုရှိတယ်။ အဲဒီထဲကမှ ၂ ခုက ကိုယ့်နေရာမှာဖြေခွင့်ရပြီး ပန်းမြောင်းတစ်ခုတည်းကိုဖြေခွင့်မပေးတာပေါ့။ ဒါနဲ့ပတ်သက်လို့တော့ ကျောင်းသားမိဘတွေနဲ့ပေါင်းပြီး လိုအပ်တဲ့ထောက်ခံစာတွေယူပြီး ပြည်နယ်အဆင့်ကိုတင်ပြထားတယ်။ ဘာမှတော့မသိရသေးဘူး”ဟု ပန်းမြောင်းအ.ထ.ကကျောင်းမှ အထက်တန်းပြဆရာ ဦးရန်ငြိမ်းအောင်ကပြောသည်။
ထိုအခြေအနေများနှင့်ပတ်သက်ပြီး ဒေါက်တာထွန်းထွန်းသိန်းက လိုအပ်သလိုစီစစ်ကာ အထက်သို့ထပ်မံတင်ပြသွားမည်ဟု ဆိုသည်။
“တချို့ရွာတွေက ရဲစခန်းရှိရက်နဲ့မြို့ကိုစစ်ရမယ်အထဲမှာ ပါနေတယ်ဆိုပြီး လာတင်ပြထားတာတွေတော့ရှိတယ်။ တကယ်လို့ သူတို့ဖက်က လုံခြုံရေးယူနိုင်တယ်ဆိုရင် ကျနော်တို့ဖက်ကလည်း သက်ဆိုင်ရာအဖွဲ့တွေကို ဆက်လက်တင်ပြသွားမယ်။ ဒါပဲရှိတယ်”ဟု ဒေါက်တာထွန်းထွန်းသိန်းက ပြောဆိုသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသူ/သား (၄၉၁၈၃)ဦးရှိခဲ့ပြီး ယခုနှစ်တွင်မူ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသူ/သား လေးသောင်းငါးထောင်ကျော်ရှိကြောင်းလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။