- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းတချို့ ကုန်တင်၍သာ ပြေးဆွဲနေရ
လက်ရှိဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းတွင် ရခိုင်မှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများမှာ ကုန်စည်များကိုသာ အဓိကထားကာပြေးဆွဲနေရကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
21 Aug 2021
DMG ၊ သြဂုတ် ၂၁
လက်ရှိဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းတွင် ရခိုင်မှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများမှာ ကုန်စည်များကိုသာ အဓိကထားကာပြေးဆွဲနေရကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
လက်ရှိတွင် ခရီးသည် လိုက်ပါမှုမရှိသလောက်နည်းပါးသည့်အပြင် ခရီးသည်တင်ဆောင်ပါကလည်း လမ်းတွင်တားမြစ်စစ်ဆေးမှု များပြားလွန်းသည့်အတွက် ကားသမားအများစုမှာ ခရီးသည်မတင်ရဲသဖြင့် ကုန်စည်များတင်ကာ ကားတချို့နှင့်ဆက်လက်လည်ပတ်နေရကြောင်း စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် အောင်စစ်ခိုင် ခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်မှူးကိုနိုင်နိုင်ကဆိုသည်။
“အခုကိုဗစ်ကာလမှာကျတော့ ခရီးသည်တွေလည်းမတင်ရဘူး။ နောက်ပြီးကန့်သတ်ချက်တွေလည်းရှိတယ်။ လမ်းမှာဆိုရင်လည်း စာရွက်စာတမ်းကိစ္စတွေရှိတော့ တော်ရုံတန်ရုံကားသမားက မတင်ရဲဘူးပေါ့။ ကျွန်တော်တို့မှာဆိုရင် ကားခြောက်စီး ခုနစ်စီးရှိပေမယ့် သုံးစီးလောက်နားထားရတယ်။ သုံးစီးလေးစီးနဲ့လည်ပတ်နေရတာပေါ့။ ကိုဗစ်တတိယလှိုင်းမှာ လိုင်းမပိတ်ရုံတစ်မယ်ပဲ လုပ်စားနေကြရတယ်။ လိုင်းလေးတစ်ခုလည်ပတ်မှုရှိအောင်ပေါ့။ ဝန်ထမ်းတွေအဆင်ပြေ၊ ကားသမားတွေအဆင်ပြေအောင်ပေါ့”ဟု ၎င်းကပြောသည်။
ထို့အပြင် စစ်တွေ-မန္တလေးပြေးဆွဲနေသည့် ရွှေပြည်သစ်ယာဉ်လိုင်းအနေဖြင့်လည်း ယခင်က တစ်လလျှင်ကားအစီး ၃၀ အထိပြေးဆွဲခဲ့သော်လည်း လက်ရှိတွင်တစ်လလျှင် ကုန်တင်ဆောင်ထားသည့် ကားဆယ်စီးသာပြေးဆွဲနေရကြောင်း အဆိုပါယာဉ်လိုင်းမှ ဂိတ်မှူး ကိုမိုးကဆိုသည်။
“ကားကအရင်တုန်းကတစ်နေ့တစ်စီးပုံမှန်၊ တစ်လမှာ အစီးသုံးဆယ်။ အခုတော့ တစ်လမှာဆယ်စီးလောက်ပဲထွက်ရတဲ့ အနေထားကိုရောက်သွားတယ်။ ဒီတော့ ယာဉ်မောင်းတွေ၊ စပယ်ယာတွေ ဝင်ငွေထွက်ငွေနည်းသွားတာတွေရှိတယ်။ ကုန်စည်စီးဆင်းမှုကနည်းသွားတော့ စားဝတ်နေရေးထိခိုက်မှုနည်းနည်းတော့ ရှိတာပေါ့။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ဖြေရှင်းနေရတာပေါ့”ဟု ရှင်းပြသည်။
ထို့အပြင် လက်ရှိတွင်ခရီးသည်လိုက်ပါမှုမရှိသည့်အတွက် ထိုင်ခုံများကိုဖြုတ်ပြီး ခရီးသည်အစား ကုန်စည်များကိုသာ တင်နေကြရကြောင်း ၎င်းကဆိုသည်။
ယခုကဲ့သို့ ယာဉ်လိုင်းများပြေးဆွဲမှု အခက်အခဲကြုံတွေ့နေရသည့်အတွက် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေကြရသည့် ယာဉ်မောင်းများအနေဖြင့်လည်း အခက်တွေ့နေကြရကြောင်း အောင်စစ်ခိုင်ယာဉ်လိုင်းမှ ဒရိုင်ဘာ ကိုပိုင်ကပြောသည်။
“ရောဂါရဲ့အခြေအနေကြောင့် ရက်တွေကကြာလာတယ်။ ကြာလာတဲ့အတိုင်းအတာမှာ စားဝတ်နေရေးက တော်တော်လေးအခက်အခဲတွေရင်ဆိုင်လာရတယ်။ ပြီးတော့အလုပ်ကလည်း မလုပ်လို့မဖြစ်ဘူးလေ။ စားဝတ်နေရေးကလည်းရှိနေတော့ လုပ်ရတာပဲ။ အစကဆိုရင် ခရီးသည်တင်ကားတွေတော့မှန်တယ်။ အခုနောက်ပိုင်းမှာက ခရီးသည်တွေမတင်ရတော့ ကုန်တွေတင်တယ်။ ခရီးသည်တင်တဲ့ကားကို ကုန်တွေတင်ရတော့ ဝိတ်များပြီး ကားတွေပျက်စီးတာတွေများတာပေါ့။ လမ်းပန်းဆက်သွယ်ရေးကလည်း ကြမ်းတမ်းခက်ခဲတယ်။ မိုးတွင်းလည်း မိုးတွင်းဆိုတော့လေ။ လုပ်သာလုပ်နေရတာပါဗျာ အုံနာကြေးလည်း ကျန်လှတယ်မဟုတ်ပါဘူး။ ကျွန်တာ်တို့ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေအလုပ်ရရှိရေးအတွက်ပဲ လုပ်နေရတဲ့သဘောပါပဲ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ခရီးသည်တင်ကားများအနေဖြင့် ခရီးသည်တင်မည်ဆိုပါက ကိုဗစ်စည်းကမ်းများနှင့်အညီ တင်ဆောင်ရန်သက်ဆိုင်ရာဝန်ကြီးဌာနကညွှန်ထားကြောင်းနှင့် ကားနှင့်လိုက်ပါမည်ဆိုပါက ခရီးသည်များအနေဖြင့် ကျန်းမာရေးထောက်ခံစာလိုအပ်ကြောင်း လက်ရှိခရီးသည်တင်ယာဉ် ပြေးဆွဲနေသူများထံမှ သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့်လည်း ခရီးသည်လိုက်ပါမှုနည်းပါးသည့်အတွက် အရှုံးပေါ်မှုတွေရှိနေကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်မျဉ်းစည်းကမ်းများနှင့်အညီ ယာဉ်များကိုပြေးဆွဲနေရသည့်အတွက် ယာဉ်စီးခပုံမှန်ထက်မြင့်တက်မှုများလည်းရှိနေကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် ခရီးရှည်ကုန်းလမ်းကြောင်းသွားလာသည့် ခရီးသည်များ နည်းပါးလာသည့်အတွက် ပြေးဆွဲမှုရပ်နားထားရသည့် ယာဉ်လိုင်းတချို့လည်းရှိနေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။