- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ခရီးသည်တင်ယာဉ်များ ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲနေရသည့်အတွက် ကားခဈေးနှုန်းပုံမှန်ထက် မြင့်တက်နေဟုဆို
ရခိုင်ပြည်နယ်တွင် ပြည်တွင်း၌ပုံမှန်ပြေးဆွဲနေသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ခရီးသည်တင်ယာဉ်စီးခဈေးနှုန်းများမှာ ပုံမှန်ထက်တိုးမြင့်လျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။
05 Aug 2021
DMG ၊ သြဂုတ် ၅
ရခိုင်ပြည်နယ်တွင် ပြည်တွင်း၌ပုံမှန်ပြေးဆွဲနေသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ခရီးသည်တင်ယာဉ်စီးခဈေးနှုန်းများမှာ ပုံမှန်ထက်တိုးမြင့်လျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။
ပြည်တွင်းပုံမှန်ပြေးဆွဲနေသည့် ယာဉ်များမှာ ကားတစ်စီးလျှင် ယခင်ကခရီးသည် ၁၀ ဦးအထက် တင်ဆောင်ခွင့်ရသော်လည်း ယခုအခါ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ခရီးသည် ၃ ဦးသာတင်ဆောင်ခွင့်ရပြီး အသွားအပြန်ဆီဈေးနှုန်းကုန်ကျငွေနှင့် မကိုက်သည့်အတွက် ယာဉ်စီးခကိုပိုမိုကောက်ခံနေရခြင်းဖြစ်ကြောင်း မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“လူအများကြီး တင်လို့မရဘူး။ ကိုဗစ်ကာလမှာ ခရီးသည်တင်ခွင့်ကလည်း လူ ၃ ယောက်တည်းတင်ခွင့်ရတယ်။ သွားတော့ သွားခွင့်ရတယ်။ လူတင်ခွင့်မရရှိတဲ့အခါကျတော့ ပုံမှန်ပြေးဆွဲနေတဲ့အနေထားနဲ့ဆိုလို့ရှိရင် မကိုက်ညီဘူး။ အဲ့တာကြောင့် ပုံမှန်ထက် နည်းနည်းလည်းပိုတောင်းထားရတာပေါ့နော်။ ကိုယ်တို့အတွက်လည်း နည်းနည်းလေးကျန်အောင်လို့ပါ“ ဟု ၎င်းကဆိုသည်။
ခရီးသည်တင်ဆောင်လာသည့်ယာဉ်များကို အပေါက်ဝ၊ မြတ်လှည်း၊ ယိုးတရုတ်၊ ကွမ်းတောင်ဂိတ်များတွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကစစ်ဆေးပြီး ခရီးသည် ၃ ဦးထက် ပိုမိုတင်ဆောင်လာပါက ၎င်းနေရာများမှ ပြန်ခိုင်းကြောင်းသိရသည်။
ယခင်က စစ်တွေမှ ပုဏ္ဏားကျွန်းသို့ ငွေ ၃၀၀၀ ကျပ် ယခုအခါ ၅၀၀၀ ကျပ်၊ စစ်တွေမှ ကျောက်တော်သို့ ၅၀၀၀ ကျပ်သာရှိခဲ့ပြီး ယခုအခါ ၁၅၀၀၀ ကျပ်၊ စစ်တွေမှ မြောက်ဦး၊မင်းပြားသို့ ယခင် ၁၀၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုအခါ ၃၀၀၀၀ ကျပ်အထိ ကျသင့်နေကြောင်း သိရသည်။
ခရီးသည် ၃ ဦးတည်းသာတင်ဆောင်ခွင့်ရသည့်အတွက် ယာဉ်မောင်းများအနေဖြင့် ဝင်ငွေမကိုက်သော်လည်း မဖြစ်မနေသွားရမည့်ခရီးသည်များ အဆင်ပြေစေရန်အတွက် ပြေးဆွဲနေခြင်းသာဖြစ်သည်ဟု မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ယာဉ်မောင်း ဦးသန်းမြင့်ကပြောသည်။
“ဝင်ငွေမကိုက်ပေမဲ့လည်း ပြေးဆွဲနေရတယ်။ အရင်တုန်းကလောက်တော့ မကိုက်ဘူးပေါ့နော်။ အဲဒီလိုမျိုး ဝင်ငွေမကိုက်ပေမဲ့လည်း ကျနော်တို့ကားတွေမပြေးဆွဲဘူးဆိုရင် အရေးတကြီးသွားရမဲ့သူတွေ၊ မဖြစ်မနေသွားရမဲ့သူတွေ အခက်အခဲ ဖြစ်သွားနိုင်တယ်။ ကားတစ်စီးလုံးငှားသွားဖို့အတွက် အဆင်မပြေဘူး။ အဲ့တာကြောင့် သူတို့အဆင်ပြေအောင်လုပ်ပေးတာပါ“ ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်အတွင်း ပြည်သူလူထုအနေဖြင့် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန် Stay at Home ကိုယ့်အိမ်တွင်ကိုယ်နေထိုင်ရန် ULA/AA မှ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ပန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက် ရပ်၊ ကျေး ၊ မြို့များသို့သွားရောက်ကြသည့်ခရီးသည်များလည်း နည်းပါးသွားခဲ့ပြီး ယာဉ်စီးခဈေးနှုန်းများလည်း ပုံ၏မှန်ထက် ခရီးစရိတ်ကာမိစေရန်အတွက် ပိုမှန်ထက်ပိုမိုကောက်ခံရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများက ပြောသည်။
ယာဉ်မောင်းများအနေဖြင့် ယခုကဲ့သို့ခရီးသည်အနည်းငယ်တင်ဆောင်ခွင့်ရပြီး ယခင်ကဲ့သို့ဝင်ငွေမကိုက်ညီသော်လည်း ကိုဗစ်စည်းမျဉ်း ၊ စည်းကမ်းချက်နှင့်အညီ ပြေးဆွဲရသည့်အတွက် ကျေနပ်အားရမှုရှိသည်ဟုလည်း ပြောကြားထားသည်။
ယာဉ်စီးခဈေးနှုန်း ယခင်ထက် ၂ ဆကျော် မြင့်တက်သွားခြင်းမှာ ပုံမှန်ဝင်ငွေမရှိဆင်းရဲသားများအတွက် သွားလာရေးအပိုင်းတွင် အလွန်အခက်အခဲဖြစ်သွားနိုင်သည့်အတွက် ခရီးသည်များအဆင်ပြေနိုင်မည့်ဈေးနှုန်းကို ညှို့နှိုင်းပြီး ထားစေချင်သည်ဟု မင်းပြားမှ စစ်တွေသို့လာရောက်သည့် ခရီးသည် ကိုအောင်ကိုငြိမ်း ကပြောသည်။
“ကားသမားတွေအနေနဲ့ နည်းနည်းလောက်နားလည်မှုတော့ ထားစေချင်တယ်။ ခရီးသည်တွေအဆင်ပြေ မဲ့ဈေးနှုန်းလောက်ကို ညှို့နှှိုင်းပြီး ထားစေချင်တယ်။၂၀၀၀၀ ကျော် ၊၂၀၀၀၀ ဝန်းကျင်လောက် အဲလောက် ဖြစ်စေချင်ပါတယ်။ မရှိဆင်းရဲသားတွေအတွက် ဆိုလို့ရှိရင် တော်တော်လေး အခက်အခဲဖြစ်တယ်ပေါ့နော်။ သူတို့အနေနဲ့ စစ်တွေကို အရေးတကြီးသွားရမဲ့အနေထားဆိုရင် တော်တော်အခက်အခဲဖြစ်မယ်။ လူလတ်တန်းစားတွေအတွက်လည်း အခက်အခဲဖြစ်ရပါတယ်“ ဟု ၎င်းကဆိုသည်။
ULA /AA မှ ရခိုင်ပြည်တွင် ကိုဗစ် ၁၉ ကာကွယ်တားဆီးသည့်အနေဖြင့် Stay at Home ကိုယ့်အိမ်တွင် ကိုယ်နေထိုင်ရမည့် ကာလအား သြဂုတ်လ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၂ ပတ်ထပ်တိုးလိုက်ကြောင်း သြဂုတ် ၄ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။