- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လယ်ယာသွင်းအားစု စရိတ်ကြီးမားမှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့တွင် စွန့်ပစ်လယ်မြေများပြားလာ
စက်သုံးဆီနှင့် ဓာတ်မြေသြဇာ စသည့် လယ်ယာသွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့မှ တောင်သူများမှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ လယ်ယာများကိုစွန်ပစ်ထားမှု ပိုမိုများပြားလာနေကြောင်း တောင်သူများထံမှ သိရသည်။
26 Aug 2022
DMG ၊ သြဂုတ် ၂၆
စက်သုံးဆီနှင့် ဓာတ်မြေသြဇာ စသည့် လယ်ယာသွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့မှ တောင်သူများမှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ လယ်ယာများကိုစွန်ပစ်ထားမှု ပိုမိုများပြားလာနေကြောင်း တောင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စပါးအများဆုံးစိုက်ပျိုးရာဒေသများဖြစ်သည့် ဧရာဝတီတိုင်းတွင် လယ်မလုပ်နိုင်တော့သဖြင့် စွန့်ပစ်ထားသည့် လယ်ယာဧက ထောင်ချီရှိလာကြောင်း ပုသိမ်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
“စပါးစိုက်ပျိုးဖို့ကို မနည်းရုန်းကန်နေရတယ်။ ဓာတ်မြေသြဇာနဲ့ စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီဈေးက မတရားကြီးနေပြီ။ ဘယ်လိုမှ စပါးမစိုက်နိုင်ကြတော့ဘူး။ ပုသိမ်မြို့နယ်တဝိုက်မှာ လယ်ဧကရာချီ မစိုက်နိုင်တာ။ တခြားမြို့နယ်တွေဆိုလည်း အတူတူပဲ။ စိုက်လည်းရှုံး မစိုက်လည်းရှုံးတဲ့ဘဝကို ရောက်နေပြီ”ဟု အဆိုပါ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ဓာတ်မြေသြဇာဈေးနှုန်းမှာ ယခင်အာဏာမသိမ်းမီအချိန်၌ တစ်အိတ်ကို ကျပ်သုံးသောင်းဝန်းကျင်ရှိခဲ့သော်လည်း ယခုအချိတွင် တစ်အိတ်ကိုကျပ်ငွေတစ်သိန်းကျော်အထိ ဖြစ်ပေါ်နေသည့် အတွက် လယ်ယာထွက်ကုန်များကိုရောင်းချရာတွင် အရှုံးနှင့်သာ ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ် မင်းရွာမှ တောင်သူတစ်ဦးက “အခုဖြစ်နေတာ ဧရာဝတီမှမဟုတ်ဘူး။ ကျနော်တို့ ပဲခူးမှာလည်း အတူတူပါပဲ။ နောက်ရန်ကုန်နဲ့ ပဲခူးတိုင်းစပ်တဲ့ ကဝတို့၊ ခရမ်းတို့ ဆိုလည်း လယ်တွေမစိုက်နိုင်ဘဲ ပစ်လိုက်ရတာ ဧကရာချီလောက်ရှိတယ်။ ဆီဈေး၊ ဓာတ်မြေသြဇာဈေးတွေပါ လိုက်မမီနိုင်တော့ စိုက်ပြီးရောင်းလည်း အရှုံးနဲ့ပဲရင်ဆိုင်နေရတယ်”ဟု ဆိုသည်။
ဒီဇယ်ဆီဈေးနှုန်းမှာ ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်တွင် တစ်လီတာကို ၂၀၅၀ ကျပ်ရှိရာမှ ယနေ့သြဂုတ်လ ၂၆ ရက်နေ့တွင် တစ်လီတာကို ၃၃၀၅ ကျပ်အထိဖြစ်ပေါ်နေပြီး ကျပ်ငွေတစ်ထောင်ကျော်အထိ ဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံကကျေးရွာမှ လယ်သမားတစ်ဦးက “ဆီဈေးတက်လို့ မစိုက်နိုင်တာအပြင် ရေတွေကြီးပြီးနစ်လို့ လယ်တွေပျက်သွားတာတွေလည်းရှိတယ်။ အခြားနေရာတွေလည်းရှိပါတယ်။ တောင်စွန်း၊ ဘီလင်းတို့ ရေးမြို့ဘက်တို့မှာဆို အခုအထိ စပါးမစိုက်နိုင်လို့စွန့်ပစ်ထားတာ ဧကတစ်ရာကျော်လောက်ရှိတယ်။ ဒါကြောင့် အခုလိုအခြေအနေနဲ့ တောင်သူတွေ တော်တော်နဲ့နလံထူဖို့ မလွယ်ကူနိုင်ဘူး”ဟု ပြောသည်။
ထို့အတူ တနင်္သာရီတိုင်းတွင် စပါးစိုက်ပျိုးမှုအများဆုံးဖြစ်သည့် ထားဝယ်၊ ရေဖြူ စသည့်မြို့နယ်တို့မှ ကျေးရွာများတွင်လည်း ဒေသခံများ ပြည်ပသို့ထွက်ကာ အလုပ်လုပ်ကိုင်သူများပြားလာမှုကြောင့် လယ်ယာစိုက်ပျိုးရန် လုပ်သားရှားပါးလာခြင်းတို့ကြောင့် လယ်ဧကရာချီမှာ စွန့်ပစ်လယ်အဖြစ်သို့ ရောက်ရှိနေကြောင်း သိရသည်။
ရေဖြူမြို့နယ် ခမောင်းတောင်ကျေးရွာမှ တောင်သူတစ်ဦးက “လယ်စိုက်မယ့်လူတွေ မရှိသလောက်နည်းတယ်။ ထွန်ယက်စိုက်ပျိုးဖို့ စက်တွေအငှားချတဲ့သူတွေလည်း ရေရှည်အဆင်မပြေတော့ဘူး။ ဆီဈေးနဲ့မကိုက်တော့ဘူး။ ဒါကြောင့် ဧကထောင်ချီ စွန့်ပစ်လယ်အဖြစ်ကိုရောက်နေပြီ”ဟု ဆိုသည်။
ထိုသို့ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းများအတွက် လိုအပ်သည့် ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုနှင့် လယ်ယာစိုက်ပျိုးသူအများစုမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသူများလာမှု စသည်တို့ကြောင့် စိုက်ပျိုးမြေအများစုမှာ စွန့်ပစ်ခံရသည့်အခြေအနေသို့ ရောက်ရှိတော့မည့် အနေအထားတွင်ရှိနေကြောင်း တောင်သူများက ပြောဆိုကြသည်။