ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဒုတိယအကြိမ် ဗဟိုညီလာခံကို မြေပုံမြို့နယ်တွင်ကျင်းပနေ

ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဒုတိယအကြိမ် ဗဟိုညီလာခံကို မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာတွင် မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။

29 Mar 2022

DMG ၊ မတ် ၂၉

ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဒုတိယအကြိမ် ဗဟိုညီလာခံကို မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာတွင် မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။

အဆိုပါညီလာခံတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး၊ မြေယာသဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေး၊ မြေယာနှင့် ဥပဒေအထောက်အကူပြုရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဌာနေတိုင်းရင်းသားများအခွင့်အရေး စသည့်ခေါင်းစဉ်(၇)ခုဖြင့် ဆွေးနွေးလျက်ရှိသည်။

“တောင်သူလယ်သမားတွေရဲ့ လတ်တလောကြုံနေရတဲ့ အခက်အခဲတွေကို သင့်တင့်လျောက်ပတ်စွာဖြေရှင်းနိုင်ဖို့။ နောက်ကြုံတွေ့လာရနိုင်တဲ့အခက်အခဲတွေကို ကျနော်တို့ပူးပေါင်းပါဝင်ကာ ဘယ်လိုဖြေရှင်းပေးမလဲ။ ပြည်သူ့အာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ဘယ်လိုရှေ့ဆက်ဆောင်ရွက်သွားမယ်ဆိုတာကို အခုညီလာခံမှာ အဖြေထုတ်ဖို့ရှိပါတယ်”ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ကိုထွန်းတင်ကပြောသည်။

ထို့ပြင် တောင်သူလယ်သမားများ၏ ဆုံးရှုံးနေသည့်အခွင့်အရေးများ၊ လယ်ယာမြေအငြင်းပွားအခြေအနေများကို ကူညီဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးနေကြသည်ဟု ညီလာခံသို့တက်ရောက်နေသည့် ရခိုင်ပြည်နယ်လုံးဆိုင်ရာသမဂ္ဂ(မြောက်ဦးမြို့နယ်)၏ ဥက္ကဋ္ဌ ကိုစိုးနိုင်ကပြောသည်။

“လယ်သမားတွေရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်သူလယ်သမားသမဂ္ဂကိုဖွဲ့စည်းခဲ့တာပါ။ အခုလည်းပဲ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ၊ လယ်ယာပိုင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ၊ မြေယာမှုခင်းတွေဖြစ်နေရင် ကျနော်တို့က ကြားခံအနေနဲ့ကူညီပေးဖို့၊ ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုတာတွေကို အဓိကဆွေးနွေးကြပါတယ်”ဟု ၎င်းကဆိုသည်။

ယခုကျင်းပနေသည့်ညီလာခံသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ တောင်သူလယ်သမားများအပါအဝင် လူပေါင်း ၂၀၀ ခန့် တက်ရောက်လျက်ရှိကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသဂ္ဂကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် ၎င်းတို့၏လူမှုဘဝ အကျိုးစီးပွားမြှင့်မားစေရေးအတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ပထမအကြိမ်ညီလာခံကို ကျင်းပခဲ့သည်။