ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဆမီးမြို့ဒေသခံများ စားသောက်ရေးအခက်ကြုံနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အတွက် ရိက္ခာသယ်ယူပို့ဆောင်နေသည့်လမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲများဖြင့်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

04 Sep 2021

DMG ၊ စက်တင်ဘာ ၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အတွက် ရိက္ခာသယ်ယူပို့ဆောင်နေသည့်လမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲများဖြင့်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆမီးမြို့အတွက် အဓိကရိက္ခာသယ်ယူရာလမ်းဖြစ်သည့် မတူပီ-မင်းတပ်-ပခုက္ကူလမ်းကြောင်းမှာ ပိတ်ထားသဖြင့် ဆမီးမြို့သို့ ရိက္ခာမရောက်ရှိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်းက ဆမီးမြို့သို့လာရောက်သည့် ကုန်တင်ကားတစ်စီးမှာ မတူပီနှင့်ဆမီးကြားတွင် မီးရှို့ခံရမှုဖြစ်ပွားခဲ့သဖြင့် ယင်းလမ်းကြောင်းအား စစ်ကောင်စီတပ်က သွားလာရေးကန့်သတ်လိုက်သဖြင့် ကုန်တင်ယာဉ်များ မသွားရဲမလာရဲဖြစ်နေကြသည်ဟု ဒေသခံများကပြောသည်။

“ကျွန်တော်တို့ ပခုက္ကူဘက်ကိုဆက်သွယ်ကြည့်တဲ့အခါ မတူပီ-ဆမီးကြားမှာ ကားမီးရှို့ခံရလို့ ကားတွေမလာရဲဘူး။ စိုးရိမ်နေကြတယ်လို့ပြောတယ်။ လောလောဆယ်အနေအထားအရဆို ရိက္ခာတွေကပြတ်လပ်နေကြပြီ။ ရှိတဲ့ဆန်တွေလည်း ဈေးမြင့်နေတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဆမီးဒေသခံတစ်ဦးကပြောသည်။

ဆမီးမြို့တွင် ရိုးရိုးဆန်တစ်အိတ်လျှင် ယခင်က ငွေကျပ်သုံးသောင်းခန့်သာဈေးရှိပြီး ယခုအခါ ငွေကျပ်လေးသောင်းခွဲအထိ ဈေးမြင့်တက်လျက်ရှိကာ ပေါ်ဆန်းမွှေးဆန်ကောင်းတစ်အိတ်ကို ငွေကျပ်ခုနှစ်သောင်းအထိ မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။

ဆမီးမြို့တွင် ရိက္ခာပြတ်လုနီးပါးဖြစ်နေသည့်အတွက် ဒေသခံများမှာ စားသောက်ရေးအခက်အခဲဖြစ်၍ စစ်ဘေးရှောင်များတွင်ရရှိထားသည့် ထောက်ပံ့ဆန်များထဲမှ ဆန်တစ်အိတ်လျှင် ငွေကျပ်သုံးသောင်းခွဲဖြင့် ဝယ်ယူစားသောက်ခဲ့ရကြောင်းလည်း သိရသည်။

ယင်းဆန်ရိက္ခာများမှာ စစ်ဘေးရှောင်များအတွက်ဖြစ်သဖြင့် ဒုက္ခသည်များ ပိုမိုအခက်အခဲဖြစ်မည်ကိုစိုးရိမ်၍ ဝယ်ယူစားသောက်မှုကိုရပ်ဆိုင်းထားကြောင်း ဆမီးမြို့မှ နောက်ထပ်အမည်မဖော်ပြလိုသည့် ဒေသခံတစ်ဦးကပြောသည်။

“အဲဒါကစစ်ဘေးရှောင်အတွက်ဖြစ်လို့ ပြည်သူလူထု ဝယ်ယူစားသုံးလိုက်ရင် စစ်ဘေးရှောင်တွေ ဒုက္ခရောက်သွားမှာဖြစ်တယ်။ ပြီးတော့ အဖွဲ့အစည်းကထောက်ပံ့ထားတာဆိုတော့ အဲဒီအဖွဲ့အစည်းအစည်းတွေနဲ့လည်း တစ်ခုခုပြဿနာဖြစ်ရင်မကောင်းဘူးဆိုပြီး ဆန်ဝယ်စားတာကိုရပ်လိုက်တယ်”ဟု ၎င်းကဆိုသည်။

ဆမီးမြို့တွင် ယင်းသို့ဆန်ရိက္ခာအခက်အခဲရှိနေသည်မှာ (၁)နီးပါးကြာမြင့်နေပြီဖြစ်ပြီး နောက်ထပ်တစ်ပတ်အတွင်း ရိက္ခာမရောက်မရှိလျှင် ဒေသခံများစားရေးသောက်ရေး ပိုမိုအခက်အခဲကြုံရနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်ဘက်မှ ရိက္ခာများကိုသယ်ယူပြီး ပလက်ဝမှတစ်ဆင့် ဆမီးမြို့သို့ပို့ဆောင်နိုင်ရန်အတွက် မြို့နယ်ထွေအုပ်ရုံးမှတာဝန်ရှိသူများနှင့်ဆွေးနွေးပြီး စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံထားကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေရပ်စွန့်ခွာခဲံရသည့် စစ်ဘေးရှောင် ၅၀၀၀ ခန့်မှာ ဆမီးမြို့ပေါ်တွင် ခိုလှုံလျက်ရှိနေကြသည်။