ရခိုင်မှ စားသုံးရန်မသင့်သည့် ထုတ်ကုန်ထုတ်လုပ်သူများအား လုပ်ငန်းရပ်နားထားရန် ညွှန်ကြားထား

အများပြည်သူစားသုံးရန်မသင့်တော်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည့်စာရင်းတွင်ပါဝင်သော ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များအား ထုတ်လုပ်ခွင့်ရပ်နားကာ ဖြန့်ဖြူးပြီးပစ္စည်းများကို ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

07 Sep 2022

FDA မှ ထုတ်ပြန်သော စားသုံးရန်မသင့်သည့် အစားအသောက်စာရင်းကို တွေ့ရစဉ်။ Photo - FDA

DMG ၊ စက်တင်ဘာ ၇

အများပြည်သူစားသုံးရန်မသင့်တော်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည့်စာရင်းတွင်ပါဝင်သော ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များအား ထုတ်လုပ်ခွင့်ရပ်နားကာ ဖြန့်ဖြူးပြီးပစ္စည်းများကို ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ခွင့်မပြုသော ဓာတုပစ္စည်းများ၊ ဆိုးဆေးများနှင့် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးကို FDA မှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ယင်းအထဲတွင် စစ်တွေမြို့မှထုတ်လုပ်သည့် စားသောက်ကုန်ငါးမျိုး ပါဝင်ခဲ့သည်။

ထိုအစားအသောက်များကို စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်တွေပျက်စီးနိုင်ပြီး ကင်ဆာရောဂါတွေလည်း ဖြစ်ပွားစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မှ စားသောက်ကုန်လုပ်ငန်းများအား ဆက်သွယ်ကာ လိုအပ်သည်များကို ဆောင်ရွက်ထားပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်နိုင်လင်းကပြောသည်။

“အဲဒီထုတ်ကုန်တွေထဲက လိပ်စာပါတဲ့ ထုတ်ကုန်တွေကတစ်ဆင့် ထုတ်လုပ်သူတွေကိုဆက်သွယ်ပြီး ထုတ်လုပ်မှုကို ရပ်နားထားဖို့နဲ့ ဈေးကွက်အတွင်းမှာ ဖြန့်ဖြူးပြီးသားတွေကို ပြန်သိမ်းဆည်းဖို့ ညွှန်ကြားထားပါတယ်။ ဆက်သွယ်လို့မရတဲ့ ထုတ်ကုန်ကတော့ ကွင်းဆင်းစစ်ဆေးတိုင်းမှာ အသိပညာပေးတာတွေလုပ်သွားမှာပါ”ဟု ၎င်းကဆိုသည်။

FDA မှ အပတ်စဉ်၊ လစဉ် ရှောင်တခွင်စစ်ဆေးကာ ရွှေ့လျားဓာတ်ခွဲခန်းများဖြင့် စစ်ဆေးလျှက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံသယရှိသည့် စားသောက်ကုန်များကို ဌာနချုပ်သို့ပို့ဆောင်စစ်ဆေးခဲ့ရာ ယခုကဲ့သို့ ရလာဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ အပတ်စဉ်၊ လစဉ် ဈေးတွေမှာစစ်ဆေးတာတွေရှိတယ်။ အဲဒီထဲက သံသယရှိတာတွေကို ကျွန်မတို့ ဒီမှာစစ်လို့ရတာစစ်တယ်။ မရရင် နေပြည်တော်ရုံးချုပ်ကိုပို့ပြီး စစ်ဆေးချက်ယူရတာမျိုးတွေ ရှိပါတယ်။ အခုလို စာရင်းတွေထွက်လာတာကလည်း နေပြည်တော်ကိုပို့ထားတဲ့အထဲက တွေ့တာကြောင့်ဖြစ်ပါတယ်”ဟု ဒေါက်တာ နိုင်နိုင်လင်းကပြောသည်။

ယခုကဲ့သို့ စားသုံးရန်မသင့်သည့်ထုတ်ကုန်များကို ထုတ်လုပ်ခွင့်ပိတ်သိမ်းလိုက်ခြင်းမှာ ကောင်းမွန်ကြောင်းနှင့် အမှန်တကယ် ပိတ်သိမ်းခြင်းရှိ၊မရှိကို ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း စစ်တွေမြို့ခံ ကိုဇော်ဝင်းနိုင်ကဆိုသည်။

“လူတွေ စားသောက်ဖို့မသင့်တဲ့ကုန်တွေက စာရွက်ပေါ်မှာပဲ ပိတ်သိမ်းတာထက် မြေပြင်မှာလည်း အမှန်တကယ်ပိတ်သိမ်းနိုင်ဖို့လိုအပ်ပါတယ်။ နောက်ပြီး ကလေးတွေရှိတဲ့ ကျောင်းမုန့်ဈေးတန်းက အစားအသောက်တွေကိုလည်း FDA အနေနဲ့ စစ်ဆေးပေးစေလိုပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိ ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့် ပင်ရင်းလက်ကားရောင်းချနေသူများထံမှ လူအများအသုံးပြုလေ့ရှိသော ထုတ်ကုန်များကိုဝယ်ယူကာ တစ်ဆင့်ခံရောင်းချကြရခြင်းဖြစ်ပြီး FDA ထုတ်ပြန်ချက်ချက်များကို မသိရှိသည်ကများကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကုန်စုံဆိုင်ရောင်းချသူတစ်ဦးကဆိုသည်။

“ကျွန်မတို့က လူအသုံးများတဲ့ပစ္စည်းတွေကို တစ်ဆင့်ခံဝယ်ပြီး ပြန်ရောင်းကြရတာလေ။ FDA ဘာညာတော့ ကြားဖူးရုံလောက်ရှိတာ။ သူတို့က လိုင်းပေါ်မှာကြေညာတာတွေရှိတယ်လို့တော့ တစ်ခါတစ်လေကြားမိတယ်။ ဒါပေမယ့် ဘယ်အနားကကြည့်ရမလဲဆိုတာကို ကျွန်မတို့မသိတော့ လူအများဝယ်တာကို ရောင်းနေကြရတာပေါ့”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေဖြင့် ဈေးများတွင် စစ်ဆေးမှုများလုပ်ဆောင်သည့်အပြင် အခြားသောကုန်စုံဆိုင်များကိုလည်း ရှောင်တစ်ခင်စစ်ဆေးမှုများ လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံတစ်ချို့က ထောက်ပြပြောဆိုကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က FDA မှ ထုတ်ပြန်ကြေညာခဲ့သည့် စားသုံးရန်မသင့်သောအစားအသောက်များတွင် စစ်တွေမြို့မှ New Choice တံဆိပ် မက်မန်းသီးထုတ်၊ ABC(rainbow)တံဆိပ် စတော်ဘယ်ရီအရသာအချိုရည်၊ Sunlight တံဆိပ် ကိုလာအရသာအချိုရည်၊ ခြင်္သေ့မင်းတံဆိပ် ငရုတ်ဆီနှင့် Lucky Tiger တံဆိပ် ငရုတ်ဆီတို့ပါဝင်သည်။

အဆိုပါထုတ်ကုန် ထုတ်လုပ်သူများအနေဖြင့် ထိုထုတ်ကုန်များကို ထပ်မံထုတ်လုပ်ပါက အမျိုးသားအစားအသောက်ဥပေဒပုဒ်မ- ၂၈(က)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။