- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လာမည့်အပတ်တွင် ရခိုင်ရှိ ရေကြောင်းခရီးစဉ်အားလုံး ပြေးဆွဲတော့မည်
ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် ရပ်နားထားခဲ့သည့် ရခိုင်က ရေကြောင်းခရီးများကို လာမည့်အပတ်တွင် ခရီးစဉ်အားလုံး ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
04 Sep 2021
DMG ၊ စက်တင်ဘာ ၄
ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် ရပ်နားထားခဲ့သည့် ရခိုင်က ရေကြောင်းခရီးများကို လာမည့်အပတ်တွင် ခရီးစဉ်အားလုံး ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန် စသည့်အမြန်ရေယာဉ်များမှာ Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ကာ ရက်အကန့်အသတ်မရှိရပ်ခဲ့ကြသည်။ လက်ရှိမှာ Covid ရောဂါဖြစ်ပွားမှု ကျဆင်းလာသဖြင့် ပြန်လည်ပြေးဆွဲတော့မည်ဟု အမြန်ရေယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။
ရွှေပြည်တန်အမြန်ရေယာဉ်မှာ ပြီးခဲ့သည့်သြဂုတ် ၂၄ ရက်နေ့က ခရီးတိုရေလမ်းကြောင်းများဖြစ်သည့် စစ်တွေ-ပေါက်တော၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-မင်းပြား စသည့်ခရီးစဉ်သုံးခုကို ပြေးဆွဲလျှက်ရှိပြီး လာမည့်အပတ်တွင် ခရီးစဉ်အားလုံးကို ပြန်လည်ပြေးဆွဲသွားမည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။
“လာမဲ့အပတ်မှာတော့ ရွှေပြည်တန်ခရီးစဉ်တွေ အားလုံးကိုပြေးဆွဲသွားပါမယ်။ ဒါပေမဲ့ပြေးဆွဲမဲ့ရက်ကိုတော့ တိတိကျကျ မပြောနိုင်သေးဘူး။ စီစဉ်ဆောင်ရွက်နေတာပဲရှိသေးတယ်”ဟု ဦးစံမော်သိန်းကပြောသည်။
လာမည့်အပတ်တွင် ရွှေပြည်တန်အမြန်ရေယာဉ် ပြေးဆွဲသွားမည့်ခရီးစဉ်များမှာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ကျောက်ဖြူ-ကျောက်နီမော်-ရမ်းဗြဲ၊ စစ်တွေ-တောင်ကုတ်-မာန်အောင်၊ စစ်တွေ-မြေပုံတို့ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခရီးစဉ်များပြန်လည်ပြေးဆွဲရာတွင် ကိုဗစ်စည်းကမ်းနှင့်အညီ တစ်ခုံခြားစနစ်ဖြင့်ပြေးဆွဲသွားမည်ဖြစ်ရာ အမြန်ရေယာဉ်ဆီဈေးနှုန်းများမြင့်တက်နေသည့်အတွက် ခရီစဉ်အချို့ကို ပုံမှန်ဈေးနှုန်းထက် ပိုကောက်ခံသွားမည်ဖြစ်သည်ဟု ဦးစံမော်သိန်းကပြောသည်။
“ဆီဈေးနှုန်းတွေတက်တော့ တောင်ကုတ်လှိုင်းတွေဆိုရင် အရင်က နှစ်သောင်းခွဲကနေပြီးတော့ သုံးသောင်းလောက်ကောက်ခံသွားမဲ့အစီအစဉ်တွေရှိတယ်။ ရသေ့တောင်-ဘူးသီးတောင်ကတော့ ပုံမှန်ဈေးနှုန်းအတိုင်းကောက်ခံသွားမဲ့အစီအစဉ်တွေရှိတယ်။ ပေါက်တော-မြောက်ဦး-မင်းပြားလိုင်းတွေမှာလည်း ဈေးနှုန်းတစ်ထောင် ပိုတင်ပြီးကောက်ခံနေတာရှိတယ်”ဟု ၎င်းကဆိုသည်။
အလားတူ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ခရီးစဉ် ပြေးဆွဲနေသည့် မလိခအမြန်ရေယာဉ်လိုင်းမှာလည်း ကိုဗစ်ကူးစက်မှုနှုန်းလျှောကျလာသည့်အတွက် လာမည့်အပတ်တွင် စတင်ပြေးဆွဲသွားမည်ဟု မလိခမန်နေဂျာ ကိုအောင်ကိုလင်းက DMG ကိုပြောသည်။
စစ်တွေ-ပေါက်တောရေကြောင်းလိုင်းပြေးဆွဲသည့် ပေါက်တောတံခွန်အမြန်ရေယာဉ်မှာ လက်ရှိတွင် ပုံမှန်ဈေးနှုန်းအတိုင်း ပြေးဆွဲလျှက်ရှိနေသည်ဟု ပေါက်တောတံခွန်အမြန်ရေယာဉ်မှ ဥက္ကဋ္ဌ ဦးရွှေဘော်သူက ပြောသည်။
ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့် အမြန်ရေယာဉ်များမှာ ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်၊ အဉ္စနနဒီနှင့် ရွှေလင်းယုန် စသည့် အမြန်ရေယာဉ်တို့ ဖြစ်ကြသည်။