ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက အရပ်သားယောင်ဆောင်၍ စစ်အင်အားဖြည့်တင်းနေ

စစ်ကောင်စီက အရပ်သားမော်တော်ဘုတ်များကို အသုံးပြုပြီး ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်နေကြောင်း AA က ဆိုသည်။ 

By Admin 02 Aug 2024

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)

DMG ၊ ဩဂုတ် ၂ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ ပင်လယ်ပြင်တွင် ဩဂုတ်လ ၁ ရက်မှစပြီး ခရီးသွားလာခြင်းကို ရက်အကန့်အသတ်မရှိ အရေးပေါ် ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်လိုက်သည်။ 

စစ်ကောင်စီက အရပ်သားမော်တော်ဘုတ်များကို အသုံးပြုပြီး ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်နေကြောင်း AA က ဆိုသည်။ 
 
ထို့ကြောင့် စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်နေမှုကို အထောက်အကူပြုနေသည့် အရပ်ဖက် မော်တော်ဘုတ်များနှင့် လောင်းလှေများအနေဖြင့် ပင်လယ်ပြင်သွားလာခြင်းကို အရေးပေါ် ပိတ်ပင်လိုက်ခြင်းဟု AA က ထုတ်ပြန်သည်။

အရပ်သားမော်တော်ဘုတ်များအနေဖြင့် စစ်ကောင်စီ၏ အကျပ်ကိုင်စေခိုင်းခြင်းကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ မပြုလုပ်ကြရန် AA က အရေးပေါ်စစ်ရေးလိုအပ်ချက်အရ အထူးသတိပေးထားသည်။ 

“အရေးပေါ်ကျန်းမာရေးကိစ္စ၊ မဖြစ်မနေသွားရမယ့် ကိစ္စတွေဆိုရင် နီးစပ်ရာအုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေကို ဆက်သွယ်ပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း သွားလာရမယ်” ဟု AA က ဆိုသည်။ 

ယင်းအပြင် AA တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် နေရာများတွင်လည်း စစ်ဆေးခြင်းများကို ကြည်ဖြူစွာခံယူကြရန် တိုက်တွန်းထားသည်။

“ပြည်သူတွေအနေနဲ့ AA ထုတ်ပြန်ချက်ကို လိုက်နာကြဖို့ အရေးကြီးတယ်။ လက်ရှိက စစ်ရေးကာလဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ မှားယွင်းပစ်ခတ်ခံမှာကို စိုးရိမ်ရတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးထားရသည့် သံတွဲမြို့နှင့် တပ်ရင်းများကို ပြန်လည်ထိုးစစ်ဆင်ရန် အရပ်သား အယောင်ဆောင်ပြီး စစ်အင်အားဖြည့်တင်းခြင်း၊ ထောက်ပို့လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း AA က ဆိုသည်။ 

ယင်းအပြင် သံတွဲမြို့တွင်းတွင် အရပ်သားဟန်ဆောင်ပြီး ဖောက်ထွင်း၊ ခိုးယူ၊ လုယက်နေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါဝင် လက်နက်များဖြင့် ကစဉ့်ကလျား ထွက်ပြေးနေကြသည့် စစ်ကောင်စီ၏ အုပ်စုငယ်များနှင့် AA တို့သည် မြပြင်၊ ဂျိတ်တောနှင့် ကွင်းဝိုင်းတို့တွင် တိုက်ပွဲများ ရံဖန်ရံဖန် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆိုသည်။ 

သံတွဲမြို့နယ်က တပ်ရင်းနှစ်ခုအပါဝင် သံတွဲလေဆိပ်၊ သံတွဲမြို့နှင့် သံတွဲဟိုတယ်ဇုန်တို့ကို သိမ်းပိုက်ပြီးနောက် လက်ကျန် မောင်ရွှေလေးရေတပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

မောင်ရွှေလေးရေတပ်နှင့် ဘင်္ဂလားပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှု၊ ဆုံးရှုံးသွားသည့်နေရာများကို ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေမှုတို့ကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ 

သံတွဲမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက “သံတွဲမှာက တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတုန်းပဲ။ AA က လက်ကျန်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်။ စစ်ကောင်စီကလည်း ရေကြောင်းကနေ ပစ်ကူတွေပေးနေသလို ရေကြောင်းအားပြုပြီး စစ်ကူတွေ ဖြည့်တင်းနေတယ်” ဟု ပြောသည်။

သံတွဲမြို့နယ် မြောက်ဖက်တွင်ရှိသည့် တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း  ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် တောင်ကုတ်နှင့် ဂွမြို့နယ်တို့၌ စစ်ကောင်စီက အင်အားဖြည့်တင်းခြင်း၊ လုံခြုံရေးတင်းကျပ်မှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။