ကျောက်ဖြူတွင် မိုင်းအန္တရာယ်ကြောင့် ကျေးရွာ ၂၀ ခန့်မှတောင်သူများ လယ်မလုပ်နိုင်

မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုအပြင် လယ်ယာသုံးကျွဲ၊ နွားများလည်း ထိခိုက်သေဆုံးမှုများ မကြာခဏရှိနေ၍ တောင်သူများမှာ လယ်ယာလုပ်ကိုင်ရန် စိုးရိမ်နေကြခြင်းဖြစ်သည်။

By Admin 22 Jun 2024

ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာ အရှေ့ဘက်ရှိ တောင်တန်းတစ်နေရာ။ ဓာတ်ပုံ - CJ
ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာ အရှေ့ဘက်ရှိ တောင်တန်းတစ်နေရာ။ ဓာတ်ပုံ - CJ

DMG ၊ ဇွန် ၂၂ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၈ ရွာမှ တောင်သူ ၁၂၀ ဦးထက်မနည်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိဟု DMG မှ စုံစမ်းသိရှိရသည်။ 

စိုင်ခြုံ၊ စိုင်ခြုံဒိန်၊ စစ်တော၊ စည်မော်၊ ရှောက်ချောင်း၊ သစ်ပုတ်တောင်၊ ဂုံးချွိန်၊ အုန်းတော၊ မလကျွန်း၊ ပြင်ရှည်၊ ကုလဘာ၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပြိုင်းစေ့ကေ၊ ကန္ဒီး၊ ပျားတဲ၊ မီးကျောင်းတက်၊ အောင်စေတီ ကျေးရွာတို့မှ တောင်သူများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

“လယ်ကွင်းတွေနဲ့လယ်ကွင်းအထက်က တောစပ်တွေ၊ တောင်တွေမှာ မကြာခဏ မိုင်းပေါက်ကွဲတာတွေရှိတယ်။ ဒါကြောင့် မိုးစပါးစိုက်ပျိုးချိန်ရောက်နေပေမယ့် ကျနော်တို့ရွာက တောင်သူတချို့ကတော့ လယ်မလုပ်ဘဲ နေရတယ်”  ဟု ကုလဘာကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများနှင့် အနီးတဝိုက်များတွင် ယခုနှစ်၊ ဇန်နဝါရီနှင့် မတ်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး စခန်းချနေထိုင်းခြင်းများရှိခဲ့ပြီး လယ်ကွင်းများ၊ တောလမ်းနေရာများ၊ တောင်ကုန်းများနှင့် ကျေးရွာအနီးတို့တွင် မိုင်းထောင်ခဲ့ခြင်းများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ ကျေးလက်နေပြည်သူအများစုမှာ လယ်ယာနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။  

မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုအပြင် လယ်ယာသုံးကျွဲ၊ နွားများလည်း ထိခိုက်သေဆုံးမှုများ မကြာခဏရှိနေ၍ တောင်သူများမှာ လယ်ယာလုပ်ကိုင်ရန် စိုးရိမ်နေကြခြင်းဖြစ်သည်။

“သူတို့က နေရာအနှံ့မှာ စစ်ကြောင်းထိုးပြီး မိုင်းတွေထောင်သွားတာ။ ဘယ်နေရာမှာ မိုင်းထောင်ထားတယ်ဆိုတာ မြင်ရတာမဟုတ်တော့ လူတော်တော်များများက လယ်မလုပ်ရဲတော့ဘူး” ဟု ကန္ဒီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

DMG စာရင်းအရ လက်ရှိစစ်ရေးကာလအတွင်း ကျောက်ဖြူမြို့နယ် အုန်းတော၊ ကုလဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ အောင်စေတီ ကျေးရွာတို့မှ မိုင်းနင်းမိ၍ သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦး ရှိသည်။ 

မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသော်လည်း မိသားစုစားဝတ်နေရေး အခက်အခဲရှိသည့် တောင်သူအချို့မှာ အန္တယ်ရာယ်ကြားမှ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရသည်။  

“ဒီနှစ် လယ်မလုပ်ရင် နောက်နှစ်အတွက် စားစရာမရှိတော့ဘူး။ တောသူတောင်သားတွေမှာ ဝမ်းစာအတွက်  လယ်ယာတစ်ခုတည်းကိုပဲ အားကိုးပြီးလုပ်စားနေရတာ။ ဒါကြောင့် အရဲစွန့်ပြီးတော့ လုပ်နေရတယ်” ဟု ပြင်ရှည်ကျေးရွာမှ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၃၀ ခန့်မှ ဒေသခံများမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခြင်း အပါအဝင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။