ဂွတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူရှိလာ 

ဇွန်လ ၂၉ ရက်က ရဟိုင်ကွင်းကျေးရွာမှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမှာ အဖော်သုံးဦးနှင့်အတူ သစ်ခုတ်ပြီးပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ကာ သေဆုံးသွားခဲ့သည်။ 

By Admin 01 Jul 2024

ဂွတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူရှိလာ 

DMG ၊ ဇူလိုင် ၁ 

တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိသေးသော ရခိုင်ပြည်၊ ဂွမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဇွန်လ ၂၉ ရက်က ရဟိုင်ကွင်းကျေးရွာမှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမှာ အဖော်သုံးဦးနှင့်အတူ သစ်ခုတ်ပြီးပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ကာ သေဆုံးသွားခဲ့သည်။ 

“ခြေထောက်ပြတ်သွားတာဆိုတော့ သွေးကတအားထွက်တယ်။ ဆေးရုံပို့မယ်ဆိုပြီး ယူလာတဲ့အချိန်မှာပဲ ဆုံးသွားတာ။ သွေးထွက်လွန်ပြီး ဆုံးသွားတာ။ အခုလို အိမ်ထောင်ဦးစီးတစ်ယောက်ဆုံးသွားတော့ မိသားစုစားဝတ်နေရေးမှာ အခက်အခဲတွေရှိသွားပြီ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 

ဂွမြို့နယ်မှ ဒေသခံများမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို မတွေ့ကြုံဖူးကြပေ။ လက်ရှိတွင် အာရက္ခတပ်တော်(AA)၏ မြို့သိမ်းတိုက်ပွဲများကြောင့် ဂွမြို့နယ်အတွင်း စစ်အငွေ့အသက်များ မြင်တွေ့လာရပြီး ဒေသခံများမှာ စားဝတ်နေရေးအတွက် တောတောင်သို့သွားရန် စိုးရိမ်လာနေကြသည်။ 

ဂွဒေသခံအမျိုးသမီးတစ်ဦးက “အခုလို မြေမြှုပ်မိုင်းထိတာက ကျမတို့ဘက်မှာ ပထမဆုံးဖြစ်တာဆိုတော့ တိုက်ပွဲနီးလာပြီဆိုတဲ့ အချက်ပေးသံလိုဖြစ်နေတယ်။ ရွာတွေမှာက လက်လုပ်လက်စား ဟင်းရှာ၊ ထင်းရှာစားတဲ့ လူတွေများတယ်။ မိုင်းအန္တရာယ်ကြုံလာရတော့ ဒေသခံတွေရဲ့ စားဝတ်နေရေးက စိုးရိမ်စရာပဲ” ဟု ပြောသည်။ 

ဂွမြို့နယ်တွင် သံတွဲမြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေကြသော ဒေသခံအများအပြားရှိနေပြီး စစ်ကောင်စီနှင့် AA တိုက်ပွဲများမှာလည်း ပြန့်နှံလာမည်ကို စိုးရိမ်နေကြသည်။ 

“ကိုယ့်ဒေသမှာ လုံခြုံရေးစိုးရိမ်လို့ ဒီဖက်ကိုတိမ်းရှောင်လာတာ။ အခုတော့ မိုင်းနင်းမိတာတွေ ကြုံလာရပြီဆိုတော့ ဂွမှာရော ဘယ်အချိန်တိုက်ပွဲဖြစ်မလဲဆိုပြီး တွေးရင်းလန့်နေရတယ်” ဟု သံတွဲဒေသခံ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း ဂွမြို့နယ်နှင့် မာန်အောင်မြို့နယ်သည် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသော ဒေသများဖြစ်သည်။ ရခိုင်တောင်ပိုင်းရှိ မြို့နယ်များကို AA က ထိုးစစ်ဆင်နေမှုကြောင့် ယင်းမြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ကာ ခုခံစစ်ပြင်ဆင်ထားသည်။ 

ဗီဒီယိုများ