တေးသံရှင် ထူးအယ်လင်းမှ ရခိုင်စစ်ရှောင် ၃၀၀၀ ခန့်ကို လာရောက်ကူညီမည်

ရခိုင်စစ်ဘေးရှောင်များကို ကူညီရန်အတွက် ရခိုင်သို့ ဇူလိုင် ၆ ရက်နေ့တွင် စတင်ထွက်ခွာလာမည်ဖြစ်ပြီး ရခိုင်ပြည်ရှိ ဆိုင်ကယ်ချစ်သူများအဖွဲ့နှင့် ချိတ်ဆက်ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက DMG သို့ ပြောသည်။

05 Jul 2021

DMG ၊ ဇူလိုင် ၅

တေးသံရှင် ထူးအယ်လင်းမှ ရခိုင်ပြည်ရှိ စစ်ရှောင် ၃၀၀၀ ခန့်ကို  လာရောက်ကူညီမည်ဖြစ် ကြောင်းထူးအယ်လင်းက ပြောသည်။

ရခိုင်စစ်ဘေးရှောင်များကို ကူညီရန်အတွက် ရခိုင်သို့ ဇူလိုင် ၆ ရက်နေ့တွင် စတင်ထွက်ခွာလာမည်ဖြစ်ပြီး ရခိုင်ပြည်ရှိ ဆိုင်ကယ်ချစ်သူများအဖွဲ့နှင့် ချိတ်ဆက်ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက DMG သို့ ပြောသည်။

“လက်ရှိမှာတော့ ဘယ်စခန်းဘယ်စခန်းဆိုပြီးတော့ တပ်အပ်မပြောနိုင်သေးဘူး။ ရခိုင်မှာရှိတဲ့ ညီအစ်ကိုတွေက စီစဉ်ပေးထားတာဆိုတော့လေ။ ကျွန်တော်ကတော့ ဝေးလံခေါင်သီတဲ့ စခန်းတွေကို အဓိကသွားဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီး ဒီလိုမျိုးကူညီဖို့အတွက်လည်း အရင်ကတည်းကလာမလို့ပဲ။ ဒါပေမယ့် အခြေနေအကြောင်းကြောင်းကြောင့် ခုမှလာဖြစ်သွားတာပါ” ဟု ထူးအယ်လင်းက ဆိုသည်။

မိမိတို့အနေဖြင့် စစ်ဘေးရှောင်များကို ကူညီထောက်က်ပံ့ရာတွင် ငွေအင်အား အခက်အခဲကြောင့် စားနပ်ရိက္ခာများကိုသာ အဓိကထား ကူညီထောက်ပံ့ပေးသွားရန်စီစဉ်ထားကြောင်း သူကဆိုသည်။

“ကျွန်တော်တို့က ငွေသားကို သူတို့လက်ထဲကိုထည့်ပေးရင် တစ်ယောက်ကို တစ်သောင်း၊ တစ်သောင်းခွဲ လောက်နဲ့က သိပ်အဆင်ပြေမှာမဟုတ်ဘူးလေ။ ဒီတော့ ပျမ်းမျှအားဖြင့် တစ်အိမ်ထောင်ကိုဆန်နဲ့ အသင့်စား ပုဇွန်ငံပြာရည်ကျော်လိုဟာမျိုး ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ထူးအယ်လင်းက ရှင်းပြသည်။

မိမိတို့အနေဖြင့် ပြည်မရှိ အလှူရှင်များ၊ ပရိသတ်အလှူရှင်များ၏ အကူအညီအဖြင့် ယခုကဲ့သို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ယခင်ကလည်း မိမိအနေဖြင့် အကူအညီလိုအပ်နေသူများကို မကြာခဏဆိုသကဲ့သို့ သွားရောက်ကူညီလေ့ရှိကြောင်း သူကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များမှာ ပရဟိတအကူအညီများ တဖြည်းဖြည်း နည်းပါးလာနေကြောင်း ရခိုင်မျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောထားသည်။

င/စရိုင်းချောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ ဦးလှတင်က “ အရင်တုန်းကဆိုရင် အလှူရှင်တွေ ရှိသေးတယ်။ လက်ရှိမှာက အစိုးရနဲ့ ICRC က လာလှူတာလောက်ပဲရှိတော့ စားဝတ်နေရေးအဆင်မပြေတာ ကြောင့် စခန်းအပြင်မှာ အလုပ်ထွက်လုပ်ရတာတွေရှိတယ်။ အခုဆိုရင် အလုပ်ကလည်းအဆင်မပြေတာကြောင့် ကလေးတွေတောင် ကျောင်းမထားနိုင်ဘူး” ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေအနီအဖွဲ့ (ICRC)တို့မှ အဓိကထောက်ပံ့ပေးလျှက်ရှိကြောင်း စစ်ဘေးရှောင်းစခန်း တာဝန်ခံများမှ သိရသည်။