ထွက်ပြေး စစ်ကောင်စီတပ်သားများနှင့် ဖမ်းဆီးခံ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို လဲလှယ် 

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ တို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ Nuniarchara Ghat ဆိပ်ကမ်းမှာ လဲလှယ်ခဲ့ကြောင်း Dhaka Tribune မှာ ဖော်ပြသည်။

By Admin 30 Sep 2024

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လဲလှယ်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ။ ( ဓာတ်ပုံ - Bangladesh Embassy)
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လဲလှယ်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ။ ( ဓာတ်ပုံ - Bangladesh Embassy)

DMG ၊ စက်တင်ဘာ ၃၀ 

AA ထိုးစစ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးလာကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို စက်တင်ဘာ ၂၉ ရက်နေ့မှာ အလဲအလှယ် ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများတွင် ရေးသားထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ တို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ Nuniarchara Ghat ဆိပ်ကမ်းမှာ လဲလှယ်ခဲ့ကြောင်း Dhaka Tribune မှာ ဖော်ပြသည်။

မြန်မာနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ကို UMS Chin Dwin သင်္ဘောဖြင့် ကော့ဘဇားသို့ ပို့ဆောင်ပြီးအပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၈ ဦးနှင့် ရဲတပ်သား ၁၁၅ ဦးကို တင်ဆောင်လာခြင်း ဖြစ်သည်။

 ဓာတ်ပုံ - Bangladesh Embassy

ကောဘဇား ဒုတိယကော်မရှင်နာ Mohammad Salahuddin က “မြန်မာက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးနဲ့  မြန်မာနိုင်ငံက စစ်ကောင်စီ တပ်ဖွဲ့ဝင်  ၁၂၃ ဦးနဲ့ တနင်္ဂနွေနေ့မှာ ကော့ဘဇားမှာ  အလဲအလှယ်ပြုခဲ့ပါတယ်” ဟု မီဒီယာများကို ပြောကြားထားသည်။

စစ်ကောင်စီအနေဖြင့် စစ်သားနှင့် အရပ်သားကို လဲလှယ်နေရသည်ကို ကြည့်ခြင်းဖြင့် သူတို့၏ စစ်အင်အား လျော့နည်းလာခြင်းကို သိသာစေကြောင်း ရခိုင်စစ်ရေးကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီအနေနဲ့ စစ်သားနဲ့အရပ်သားကို လဲလှယ်နေရတာ ဒီတစ်ကြိမ်ဆိုရင် ၄ ကြိမ်ရှိလာပြီ။ စစ်ဖက်ဆိုင်ရာ အချင်းချင်း လဲလှယ်ကြတာက နားလည်ပေးလို့ရပေမဲ့ အခုစစ်သားနဲ့ အရပ်သားနဲ့ လဲလှယ်ရတာက စစ်ကောင်စီမှာ အင်အားလျော့နည်းနေတယ်ဆိုတာ အရမ်းသိသာနေတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုက လှေစီးဒုက္ခသည်နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ ဖမ်းဆီးခံရတာဖြစ်ပြီး စစ်ကောင်စီကတော့ စစ်ရှုံးလို ထွက်ပြေးကြရတာ။ ပုံစံချင်းမတူဘူး” ဟု ပြောသည်။

ပြန်လွတ်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ကျိုက်မရော အကျဉ်းထောင်က ၃ ဦး၊ မော်လမြိုင်အကျဉ်း ထောင်က ၂၆ ဦး၊ ပုသိမ်အကျဉ်းထောင်က ၁၆ ဦးနှင့် ကျန် ၄၀ ဦးမှာ စစ်တွေနှင့် ကျောက်ဖြူ အကျဉ်းထောင်တို့က  ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်၊ မောင်တောဒေသတိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၈၀၀ ကျော်ရှိသည့်အနက် ဖေဖော်ဝါရီလတွင် ၃၃၀ ယောက်၊ ဧပြီလတွင် ၂၈၈ ယောက်၊ ဇွန်လတွင် ၁၃၄ ယောက်နှင့် ယခု စက်တင်ဘာလတွင် ၁၂၃ ဦးတို့ကို ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။