စစ်ကောင်စီခေါင်းဆောင်နှင့် ထိုင်းကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံခြင်းမှာ ဆက်ဆံရေးခိုင်မာအောင် စစ်ကောင်စီကချဉ်းကပ်ခြင်းဟု နိုင်ငံရေးလေ့လာသူများ သုံးသပ်

ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်း‌ခြေရှိ Jasmine ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

By Admin 20 Jan 2023

စစ်ကောင်စီခေါင်းဆောင်နှင့် ထိုင်းကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံခြင်းမှာ ဆက်ဆံရေးခိုင်မာအောင် စစ်ကောင်စီကချဉ်းကပ်ခြင်းဟု နိုင်ငံရေးလေ့လာသူများ သုံးသပ်

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း ကာကွယ်ရေးဦးချုပ် General Chalermphon Srisawasdi တို့ Jasmine ဟိုတည်၌ တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

DMG ၊ ဇန်နဝါရီ ၂၀

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့တွေ့ဆုံခြင်းမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအောင် စစ်ကောင်စီက ချဉ်းကပ်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်တို့က သုံးသပ်ကြသည်။

ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်း‌ခြေရှိ Jasmine ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာဘက်မှ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ ထိုင်းစစ်ဦးစီးချုပ်နှင့်တွေ့ဆုံခြင်းမှာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များတွင် အကျိုးရှိရှိအသုံးချနိုင်အောင် တွေ့ဆုံခြင်းဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“အဓိကတော့ သူ့ကို (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) အာဆီယံနိုင်ငံထဲမှာ ထောက်ခံတာ ပြင်းပြင်းထန်ထန် မကန့်ကွက်တာက ထိုင်းနိုင်ငံပဲဖြစ်တယ်။ ဒါကြောင့် အနီးဆုံး နိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းက တော်တော့်ကို အားကိုးရတဲ့ နိုင်ငံဖြစ်တယ်။ ပြီးတော့ စစ်ဖက်အရဆိုရင်လည်း ကောင်းမွန်တဲ့နိုင်ငံဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ထိုင်းအကူအညီနဲ့ ဖြေရှင်းရမယ့် ကိစ္စတွေလည်းရှိတယ်။ ဒါကြောင့် ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို ဖိတ်ခေါ်ရတာလို့ မြင်ပါတယ်”ဟု ဉီးဖေသန်းကဆိုသည်။

ထို့သို့တွေ့ဆုံခြင်းမှာ ထိုင်း-မြန်မာနယ်စပ် KNU နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် ထိုင်းနယ်စပ်ကို လက်နက်ကျည်တချို့ ကျရောက်မှုများ၊ ထိုင်းနယ်နိမိတ်ကိုကျော်ကာ တိုက်ခိုက်မှုများ ရှိသည့်အတွက် နားလည်မှုရယူလို၍ ချဉ်းကပ်ခြင်းဖြစ်နိုင်ကြောင်းလည်း မြန်မာ့နိုင်ငံရေးအကဲခတ်တို့က ရှုမြင်သည်။

မြန်မာ့နိုင်ငံအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “KNU စိုးမိုးနယ်မြေတွေက ထိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်မြေတွေဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေက ထိုင်းနယ်စပ်ကို ကျရောက်တာတွေရှိတယ်။ တချို့သော စစ်ဆင်မှုတွေက ထိုင်းနိုင်ငံ နယ်နိမိတ်ကိုအသုံးပြုပြီးတော့ စစ်ကောင်စီက တိုက်ခိုက်တာတွေရှိတယ်။ အဲဒါကြောင့် ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ကြိုပြီးတော့ နားလည်မှု ရယူဖို့အတွက် တွေ့ဆုံတာဖြစ်တယ်လို့မြင်ပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ထိုင်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တို့ သံတွဲတွင်တွေ့ဆုံခြင်းမှာ လက်ရှိ ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့အကြား အပစ်အခတ်ရပ်စဲထားပြီး စစ်ရေးအရ ငြိမ်သက်နေသည့်အတွက် စစ်ကောင်စီခေါင်းဆောင်က ရခိုင်သို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ဉီးသန်းစိုးနိုင်ကဆိုသည်။

ထိုသို့ နိုင်ငံရေးသမားများ၏ သုံးသပ်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

တွေ့ဆုံမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ သတင်းထုတ်ပြန်ရာတွင် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်းဆိုသည်။

ယမန်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သံတွဲမြို့အနီးရှိ ရေတပ်လေ့ကျင့်ခန်း သရုပ်ပြလေ့ကျင့်မှုများ၊ ရေတပ်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ယာယီအပစ်အခတ်ရပ်ခဲ့ပြီး ယင်းနောက်တွင် နှစ်ဘက်စစ်သုံ့ပန်းများ လှဲလှယ်ခြင်းများကိုလည်း နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့သည်။

#R007