- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စာသင်ကျောင်းတွင် အကူအညီများလိုအပ်နေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ် ကျောက်တန်းနှင့် လိုင်ဂွင်ကျေးရွာတို့အနီးတွင် ဖွင့်လှစ်ထားသည့် ဟင်းခင်းပြင်အမည်ရှိ ကိုယ်ထူကိုယ်ထ မူလတန်းစာသင်ကျောင်းတွင် ကျောင်းသား/သူများအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် စရိတ်စခများအတွက် ငွေကြေးအကူအညီများလိုအပ်နေကြောင်း သိရသည်။
30 Jul 2022
DMG ၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ် ကျောက်တန်းနှင့် လိုင်ဂွင်ကျေးရွာတို့အနီးတွင် ဖွင့်လှစ်ထားသည့် ဟင်းခင်းပြင်အမည်ရှိ ကိုယ်ထူကိုယ်ထ မူလတန်းစာသင်ကျောင်းတွင် ကျောင်းသား/သူများအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် စရိတ်စခများအတွက် ငွေကြေးအကူအညီများလိုအပ်နေကြောင်း သိရသည်။
အဆိုပါကျောင်းကို ကျောက်တန်းနယ်မြေ ဒေသဖွံ့ဖြိုးရေးဖောင်းဒေးရှင်းနှင့် ရသေ့တောင်လူငယ်အသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် KG တန်းမှ ၅ တန်းထိ ကျောင်းသားများကို လိုင်ဂွင်အ.လ.က(ခွဲ)ကျောင်းမှ တွဲဖက်ယူထားကာ သင်ကြားပေးနေခြင်းလည်းဖြစ်သည်။
ယင်းကျောင်းတွင် ကျောင်းသား/သူ ၈၃ ဦးနှင့် ဆရာမ ၅ ဦးရှိကာ လစဉ်ကုန်ကျစရိတ် ၇ သိန်းခန့်ရှိပြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် အခက်အခဲရှိနေကြောင်း ကျောက်တန်းနယ်မြေ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးအောင်ကျောင်မြင့်က DMG ကို ပြောသည်။
“ဆရာမ ၅ ယောက်ကို တစ်သိန်းနှုန်းနဲ့ တစ်လမှာ ငါးသိန်းပေးပြီးခန့်ထားရတယ်။ ကလေးတွေ အတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ အခြားလိုအပ်ချက်စရိတ်တွေကို ပေါင်းလိုက်မယ်ဆိုရင် တစ်လမှာ ခုနှစ်သိန်းဝန်းကျင်မှာရှိတယ်။ ဒီအခက်အခဲတွေကြောင့် ရေရှည်မတောင့်ခံနိုင်မှာ ကျနော်တို့စိုးရိမ်တယ်”ဟု ဦးအောင်ကျော်မြင့်က ပြောသည်။
ယင်းသို့ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားခြင်းမှာ လိုင်ဂွင် အ.လ.က(ခွဲ)ကျောင်းရှိရာသို့ တစ်နာရီကျော်ကြာ ခြေကျင်လျှောက်ကျောင်းတက်ရသည့် အခက်အခဲများရှိနေပြီး စစ်ရှောင်ကလေးငယ်များ ပညာရေးအဆင်ပြေစေရန်အတွက် စီစဉ်ရခြင်းဟုလည်း ဦးအောင်ကျော်မြင့်ကဆက်ပြောသည်။
“ဒီမှာကျောင်းတက်နေတဲ့ ကလေးတွေရဲ့ မိဘတွေခမျာ စစ်ရှောင်ရောက်ရှိလာတာဆိုတော့ သူတို့မှာလည်း ငွေရေးကြေးရေး ဘယ်အဆင်ပြေမလဲ။ ဒါပေမယ့် ကလေးတွေရဲ့ပညာရေးကိုလည်း ပစ်ထားလို့မှမရတာ။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က လူတွေအနေနဲ့ ကလေးတွေရဲ့အနာဂတ်အတွက် ပံ့ပိုးပေးကြဖို့တောင်း ဆိုချင်တယ်”ဟု ဦးအောင်ကျော်မြင့်က ပြောသည်။
အဆိုပါကျောင်းတွင် တက်ရောက်နေသူများမှာ ကျောက်တန်းကျေးရွာမှ စစ်ဘေးရှောင်များဖြစ်ကြပြီး ၎င်းတို့မှာ မြို့ပေါ်စစ်ရှောင်စခန်းများတွင် ခိုလှုံခြင်းမရှိဘဲ ကျေးရွာနှင့် ၃ မိုင်ခန့်ကွာဝေးသည့် ဒေသအခေါ် ဟင်းခင်းပြင်ဆိုသည့်နေရာတွင် ယာယီတဲထိုးကာ ဥယျာဉ်စိုက်ပျိုးခြင်းဖြင့် နေထိုင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ ၅၀ ကျော်အထိရှိနေပြီကြောင်း သိရသည်။
လက်ရှိ အဆိုပါကျောင်းတွင် စာသင်ဆောင်မှာ နေရာကျဉ်းပြီး ခုံတန်းမလောက်ငှခြင်းအပြင် အိမ်သာများလည်း လိုအပ်နေကြောင်း အဆိုပါကျောင်းတွင် ပညာသင်ကြားပေးနေသည့်လဆရာမဒေါ်အေးဆွေဝင်းက ပြောသည်။
“စာကြိုးစားနေတဲ့ ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူတို့လေးတွေကို တကယ့်ထူးချွန်တဲ့ကျောင်းသားလေးတွေ ဖြစ်စေချင်တယ်။ ဒါပေမယ့် ဒီလိုအခက်အခဲတွေကြားမှာ သူတို့လေးတွေရဲ့ အနာဂတ်တွေအတွက်ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ သူတို့လေးတွေအတွက် အကူအညီတွေရစေချင်တယ်”ဟု ဆရာမ ဒေါ်အေးဆွေဝင်းကဆိုသည်။
ယင်းသို့ ဟင်းခင်းပြင်နေရာနှင့် ကျောက်တန်းရွာမှာ ခြေကျင် ၁ နာရီခွဲကျော်အကွာအဝေးရှိပြီး ၂၀၁၉ ခုနှစ် ဧပြီလက မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ရွာသားအားလုံး ထွက်ပြေးခဲ့ရပြီးနောက် တချို့မှာ ရသေ့တောင်မြို့ပေါ်နှင့် အခြားသော စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာပြီး တချို့မှာလည်း လက်ရှိ ကျောင်းဆောက်ထားရာ ဟင်းခင်ပြင်နေရာတွင် အခြေချနေကြခြင်းဖြစ်သည်။