မြောက်ဦးမြို့က ရှေးဟောင်း ထုက္ကန်သိမ်ပုထိုးတော်ကို မိုးယို၍ ပြန်လည်ပြုပြင်နေ

မြောက်ဦးမြို့က ရှေးဟောင်းသမိုင်းဝင် ထုက္ကန်သိမ်ပုထိုးတော်နှင့် စေတီအချို့တွင် မိုးယိုစိမ့်သည့် နေရာများကို ရှေးမူမပျက် ပြုပြင်နေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန (ခွဲ) မှ သိရသည်။

04 Feb 2022

မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင် ထုက္ကန်သိမ်ပုထိုးတော်ကို ပြုပြင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ ဖေဖော်ဝါရီ ၄

မြောက်ဦးမြို့က ရှေးဟောင်းသမိုင်းဝင် ထုက္ကန်သိမ်ပုထိုးတော်နှင့် စေတီအချို့တွင် မိုးယိုစိမ့်သည့် နေရာများကို ရှေးမူမပျက် ပြုပြင်နေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန (ခွဲ) မှ သိရသည်။

ယင်းပြုပြင်ခြင်း လုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးဆောင်ကာ ယခုလအတွင်း စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထုက္ကန်သိမ်ပုထိုးတော်၊ ဗောထိရွှေဂူ စေတီတော်၊ တေဇရာမစေတီတော်တို့တွင် မိုးရာသီက မိုးယိုစိမ့်ခဲ့၍ အဆင့်မြင့်ဓာတုဆေးဝါးများသုံးစွဲကာ ရှေးမူမပျက်လုပ်ဆောင်နေခြင်းဟု ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောသည်။

“မိုးယိုစိမ့်တဲ့ နေရာလေးတွေကို ရှေးဟောင်းပစ္စည်းတွေကို သုံးစွဲပြီးတော့ ခေတ်မီနည်းပညာတွေနဲ့ လုပ်ဆောင်တာဖြစ်တယ်။ အဲဒီထဲမှာ ဆီ၊ ကျွဲသရေ၊ ထုံး၊ သဲ၊ ကော်၊ အုပ်နီမုန့်၊ တခြားအရာတွေ ရောစပ်ပြီးတော့ အဲဒါတွေနဲ့ အဂ်တေတို့ကို ဖျော်စပ်ပြီးတော့ လောင်းလိုက်တယ်။ အပေါ်ကနေ မိုးရေလုံတဲ့ ကော်တမျိုး၊ အဲဒီဆေးနဲ့ သုတ်လိမ်းပြီးတော့ ဆောင်ရွက်တာပါ။ မိုးမယိုရအောင် ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ ” ဟု ပြောသည်။

ထိုသို့ပြုပြင်ခြင်းမှာ ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုပြင်ခြင်းမဟုတ်ကြောင်း ဦးကြည်ခင်က ဆက်လက်ပြောသည်။

ရှေးဟောင်းအမွေအနှစ်များကို ပြုပြင်နေခြင်းမှာ ကောင်းမွန်သော်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်ကျကျဖြင့် ပြုလုပ်ရန်လိုအပ်ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုသည်။

“ဒါတွေကို ယူနက်စကို ဝင်ဖို့အတွက် ကျနော်တို့က ကြိုးစားဆောင်ရွက်နေတာဖြစ်တဲ့အတွက် ထိခိုက်စေလိုတာ တစ်ခုခုဖြစ်သွားရင်လည်း ကျနော်တို့ရဲ့တာဝန်ပဲဖြစ်တယ်။ အခုလုပ်ဆောင်နေတာဟာ ကောင်းမွန်တယ်။ လုပ်ပုံလုပ်နည်းတွေ မှန်ကန်ဖို့လိုအပ်ပါတယ်။ အဲဒီနေရာတွေမှာ အရင်ကတည်းက မိုးယိုစိမ့်နေတာတွေ ဖြစ်ပါတယ်။ ” ဟု ၎င်းကပြောသည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အပြီးသတ်အဆိုပြုလွှာ (မူချော) တွင် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တင်သွင်းထားပြီး ယခုနှစ်အတွင်း ပညာရှင်များက လာရောက်စစ်ဆေးမည်ဟု သိရသည်။