- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် FDA ထောက်ခံချက်မရှိသည့် (အသားချောင်း)ဟော့ဒေါ့ရောင်းချမှုများကို ရှောင်တခင်စစ်ဆေးသွားမည်
ရခိုင်ပြည်နယ်တွင် FDA ထောက်ခံချက်မရှိသော ဟော့ဒေါ့များရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်များကို ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ပြည်နယ်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းက DMG သို့ပြောသည်။
11 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်တွင် FDA ထောက်ခံချက်မရှိသော ဟော့ဒေါ့များရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်များကို ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ပြည်နယ်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းက DMG သို့ပြောသည်။
“နေပြည်တော်ရုံးချုပ်က အသိပေးထားတဲ့အတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးတာတွေကိုလုပ်ဖို့ အစီအစဉ်ဆွဲနေပါတယ်။ အရင်လတွေတုန်းက စစ်ဆေးတုန်းကတော့ ဒါမျိုးတွေမတွေ့ရှိခဲ့ရသေးပါဘူး။ ဒီလမှာစစ်ဆေးလို့တွေ့ရှိခဲ့ရင်လည်း ထုတ်ပြန်ပေးသွားပါမှာ”ဟု ဒေါက်တာနိုင်နိုင်လင်းက ပြောသည်။
FDA ထောက်ခံချက်မပါရှိပဲ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် အသားချောင်း(ဟော့ဒေါ့)များစားသုံးမိ၍ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ စားသုံးသူအချို့မှာ ဘေးဥပါဒ်ဖြစ်နေသည့်အတွက် ထောက်ခံချက်မပါရှိသည့် အစားအသောက်များကို စားသုံးခြင်းမပြုလုပ်ရန်နှင့် ရောင်းဝယ်သူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ FDA မှ ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးစဉ် စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချနေသည်ကိုတွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းခြင်း၊ နောင်တွင် ထပ်မံမရောင်းချစေရေးအတွက် ခံဝန်ကတိလက်မှတ်ထိုးစေခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာနိုင်နိုင်လင်းကပြောသည်။
“ပြည်သူတွေအနေနဲ့ FDA ထောက်ခံချက်မပါတဲ့ အစားအသောက်တွေကို မစားကြဖို့လိုတယ်။ စားသောက်ဖို့ မသင့်တာတွေကိုလည်း ကျွန်မတို့ဌာနကနေပြီးပညာပေးတာတွေ ထုတ်ပြန်တာတွေလုပ်ပေးနေပါတယ်”ဟု ၎င်းကဆိုသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ အသစ်ပြန်လည်ပြင်ဆင်ထားသောဥပဒေအရ အစားအသောက်များတွင် မြန်မာစာဖြင့်ပါဝင်သောပစ္စည်းများကို ဖော်ပြရမည်ဖြစ်ပြီး ထိုသို့မပါရှိပါက ထောက်ခံချက်မရရှိသော အစားအသောက်များဖြစ်ကြောင်းဖော်ပြသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ FDA ထောက်ခံချက်မပါရှိသော အသင့်စားအစားအသောက်မျိုးစုံ ရောင်းချနေမှုများကို အများအပြားတွေ့ရှိနေရပြီး ပြည်သူများအနေဖြင့်လည်း ဝယ်ယူစားသုံးလျှက်ရှိနေကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် တာဝန်ခံ မဦးခင်သိန်းက ပြောသည်။
“အခုလိုမျိုးဟာတွေကို ပြည်သူတွေကလည်း သိရှိမှုအားနည်းတယ်။ ဒါကြောင့် ဒါတွေကို ရခိုင်ကိုရောက်မလာအောင် သေသေချာချာတားဆီးဖို့လိုမယ်။ ပြီးတော့ FDA ထောက်ခံချက်မပါတဲ့ အစားအသောက်တွေကိုလည်း တရားဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူတာတွေ လုပ်ဆောင်ဖို့လည်းလိုပါတယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် FDA ထောက်ခံချက်မပါရှိသည့် ဟောဒေါ့များစားသုံးခြင်းကြောင့် ကလေးငယ်အချို့ဆေးရုံတက်ခဲ့ရပြီး သေဆုံးမှုများလည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရသည်။