- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂၀၂၀ အတွင်း ရခိုင်တွင် လူကုန်ကူးမှုတစ်မှုသာဖြစ်ပွားခဲ့ဟုဆို
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းတွင် လူကုန်ကူးမှုတစ်မှုသာရှိခဲ့ကြောင်း အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ သိရသည်။
21 Sep 2021
DMG ၊ စက်တင်ဘာ ၂၁
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းတွင် လူကုန်ကူးမှုတစ်မှုသာရှိခဲ့ကြောင်း အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ သိရသည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ်က လူကုန်ကူးမှု ၆ မှု၊ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားမှုမရှိခဲ့ဘဲ ၂၀၂၀ ခုနှစ်တွင် ၁ မှုရှိခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၁ ခုနှစ်တွင်လည်း လက်ရှိအချိန်ထိ တိုင်ကြားထားသည့်အမှုမရှိသေးကြောင်း အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီနှစ်တွေထဲမှာတော့ ကိုဗစ်ကြောင့် လူစုလူဝေးမလုပ်ရတာတွေကြောင့် အသိပညာပေးတာတွေကိုတော့ အရင်လောက် မလုပ်နိုင်ပေမယ့် တတ်နိုင်သလောက်တော့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကပြောသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့၌ အသိပညာပေးမှု ၂၅ ကြိမ်နှင့် လက်ကမ်းစာစောင် ၉၉၇ စောင်တို့ကို ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း အမှတ်(၅)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (စစ်တွေ)မှ သိရသည်။
ရခိုင်ပြည်နယ်တွင် တစ်နှစ်အတွင်း လူကုန်ကူးမှုတစ်ခုသာ ဖြစ်ပွားခဲ့သည်ဟုဆိုခြင်းမှာ ဖြစ်နိုင်ခြေအလွန်နည်းကြောင်း ရခိုင့်ရှေ့ဆောင်အမျိုးသမီးများကွန်ယက် ဥက္ကဋ္ဌ စောစံငြိမ်းသူကဆိုသည်။
“ကျွန်မတို့ဆီကိုလာပြီး အလွတ်သဘောမျိုး အကူအညီတောင်းတာတွေတောင် သုံးလေးခုထက်မကရှိနေတာ။ တစ်နှစ်လုံးမှာ အမှုတစ်ခုတည်းရှိတယ်ဆိုတာကတော့ သူတို့ဆီကို ဒီလောက်ပဲ ရောက်တယ်ဆိုတာကိုချပြလိုက်တာပါပဲ။ သူတို့တွေအနေနဲ့လည်း ဒီထက်ပိုပြီး ပြည်သူတွေကို အသိပညာပေးတာတွေလုပ်သင့်တယ်လို့မြင်ပါတယ်”ဟု ပြောသည်။
လက်ရှိရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များစွာရှိနေခြင်း၊ ကိုဗစ်ကြောင့် စားဝတ်နေရေးကြပ်တည်းနေသည့် အခြေခံလူတန်းစားများစွာရှိနေခြင်းတို့ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေကြောင်း စောစံငြိမ်းသူက ဆိုသည်။
“စစ်ရှောင်တွေထဲက အချို့ဟာ နေရပ်ကိုပြန်ကြတာတွေရှိတယ်။ ဟိုရောက်ရင် သူတို့တွေဘာကိုလုပ်ကိုင်စားသောက်ကြရမှာလဲ။ဒီအချိန်မှာ လူကုန်ကူးသမားတွေရဲ့မြူဆွယ်ဖျားယောင်းတာခံရရင် သူတို့ရဲ့ဘဝတွေအတွက် စိုးရိမ်စရာတွေရှိနေပါတယ်။ အချို့တွေဆိုရင် လူကုန်ကူးတယ်ဆိုတာကို ရောင်းစားမှပဲ လူကုန်ကူးတယ်ဆိုပြီးသိကြတာတွေရှိတယ်။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။
လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို ပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းတို့ကို ပြုလုပ်ရာတွင် ငွေကြေးသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုလည်းကောင်း လက်ခံခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်းတို့ ပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၄ အရ အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်အထိချမှတ်နိုင်ပြီး၊ပုဒ်မ-၂၅ အရ အမျိုးသမီးနှင့် ကလေးငယ်များမှအပ အခြားသူတစ်ဦးဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခြင်းခံရနိုင်ကြောင်းနှင့် လူကုန်ကူးရန်ပြင်ဆင်ခြင်း၊ အားထုတ်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်းတို့ပြုလုပ်ပါက ပုဒ်မ ၂၃ အရ သတ်မှတ်ထားသည့် ပြစ်ဒဏ်ကိုချမှတ်ခံရမည်ဖြစ်သည်။
လူကုန်ကူးမှုခံရပါက Hot Line ဖုန်းနံပါတ်များဖြစ်ကြသည့် ၀၉၄၉ ၅၅၅ ၆၆၆၊ ၀၉၄၉ ၅၅၅ ၇၇၇၊ ၀၉၄၉ ၅၅၅ ၈၈၈ နှင့် ၀၉၄၉ ၅၅၅ ၉၉၉ တို့ကို ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့(ဗဟို)မှ ထုတ်ပြန်ကြေညာထားသည်။