ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၁၅၀ ကျော်တွင် လျှပ်စစ်မီး မရရှိသေး

ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်လုပ်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၂၄ နာရီလျှပ်စစ်မီး အသုံးမပြုနိုင်သေးသည့် ကျေးရွာပေါင်း ၁၅၀ ကျော်ရှိနေသေးကြောင်း သိရသည်။

By DMG 07 Jan 2022

DMG ၊ ဇန်နဝါရီ ၇

ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်လုပ်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၂၄ နာရီလျှပ်စစ်မီး အသုံးမပြုနိုင်သေးသည့် ကျေးရွာပေါင်း ၁၅၀ ကျော်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၉ ရွာရှိရာ လျှပ်စစ်မီးရရှိသည့်ကျေးရွာ ၈၆ ရွာရှိပြီး ကျန်ကျေးရွာပေါင်း ၁၆၃ ရွာမှာ လျှပ်စစ်မီးမရရှိသေးခြင်းဖြစ်သည်။

ကျေးရွာအချို့မှာ လျှပ်စစ်ဓာတ်အားကြိုးများ သွယ်တန်းထားသည်မှာ ၁ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လျှပ်စစ်မီးမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့လျှပ်စစ်မီးမရရှိ၍ ဆိုလာပြားများဖြင့် မီးအသုံးရာတွင်လည်း အခက်အခဲများရှိကြောင်း ကျောက်ဖြူမြို့နယ်၊ ပြိန်ချောင်းကျေးရွာမှ ဦးမောင်ခင်သန်းကဆိုသည်။

"အခုက ဆိုလာပြားပျက်လိုက်၊ အင်ဗက်တာပျက်လိုက်၊ ဘက်ထရီအိုးပျက်လိုက်၊ အဲဒါတွေကိုဝယ်မယ်ဆိုရင်လည်း ကျွန်တော်တို့ကျေးရွာက လယ်သမားတွေဖြစ်တာကြောင့် ငွေအင်အားကလည်းမတတ်နိုင်ဘူး။ အဲလိုဝယ်လိုက်ရင် လျှပ်စစ်မီးရတဲ့အခါ မီတာခ၊ မီးဆင်မဲ့စရိတ်ရယ် နှစ်ဖက်ကုန်ကျမှာကိုလည်းစိုးရိမ်ပြီးတော့ မီးလာမဲ့နေ့ကိုမျှော်လင့်နေကြပါတယ်"ဟု ၎င်းကဆိုသည်။

လျှပ်စစ်မီးမရရှိသဖြင့် ကျေးရွာရှိ ကလေးများ၏ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းများနှောင့်နှေးနေကာ လျှပ်စစ်မီးသာရရှိလာပါက ကျေးလက်နေလူမှုဘဝများ ပြောင်းလဲတိုးတက်လာမည်ဟု ဆိုကြသည်။

ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ဦးအောင်မိုးက "လျှပ်စစ်မီးရလာရင် လုပ်စားကိုင်စားမဲ့လူတွေ လျှပ်စစ်နဲ့အများကြီးဖွံ့ဖြိုးတိုးတက်မယ်လို့ထင်တယ်။ ပရိဘောက အစရှိတဲ့ ဝပ်ရှော့၊ ဝရိန်ဆော်တာကအစ အကုန်လုံးအဆင်ပြေမယ်။ အကုန်လုံးလည်ပတ်နိုင်မယ်လို့တော့ထင်တယ်"ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းမှ လျှပ်စစ်ဓာတ်အားကြိုးသွယ်တန်းထားပြီး လျှပ်စစ်မီးမရသေးသည့် ကျေးရွာ ၂၂ ရွာကို ယခုနှစ် ဇန်နဝါရီလအတွင်း လျှပ်စစ်မီးအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်းစိုးက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ရေနံပိုက်လိုင်းမှ တစ်နှစ်လျှင် ရေနံတန်ချိန် (၂၂)သန်းထိ တရုတ်နိုင်ငံကိုတင်ပို့နေပြီး ရေနံတစ်တန်ဖြတ်သွားတိုင်း အခွန်အခတစ်ဒေါ်လာစီ မြန်မာနိုင်ငံမှရရှိနေသည်။

နောက်ထပ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှလည်း ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်း(၁၂၀၀)တင်ပို့နေသည်။ အဆိုပါပမာဏမှာ ၂၀၁၃ ခုနှစ်မှ စတင်ပို့ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ဆိုပါက ကိုးနှစ်ရှိပြီဖြစ်သည်။

သို့သော် ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိသည့် မူလဒေသ ရခိုင်ပြည်နယ်မှာ ယင်းတို့၏အကျိုးခံစားခွင့်ကိုမရရှိဘဲ ဒေသခံလူထု၏ မြေယာနှင့် အလုပ်အကိုင်နေရာများပါ ဆုံးရှုံးသွားရသည်ဟု ဝေဖန်မှုများရှိသည်။

စစ်တွေမြို့နယ်နှင့် ၁၀ မိုင်ပတ်လည်အကွာရှိ ကျေးရွာအချို့မှာလည်း လက်ရှိအချိန်ထိ လျှပ်စစ်မီးမရှိသေးဘဲ ဆိုလာမီးများနှင့် ထင်း၊ မီးသွေးများကိုအသုံးပြုနေရကြောင်း ဒေသခံများကပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထိ ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ ကျေးရွာပေါင်း ၁၆၅၂ ရွာတွင် ၂၄ နာရီအချိန်ပြည့်လလျှပ်စစ်မီးမရရှိသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ စာရင်းအရသိရသည်။