AA အတွက် ရန်ပုံငွေကောက်သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည့် ကျောက်ဖြူဒေသခံနှစ်ဦး ၅၀၅ (က) ဖြင့် တရားစွဲခံရ

ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ယနေ့ ဇွန်လ ၁၀ ရက်နေ့ ကျောက်ဖြူမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရကြောင်း သိရသည်။  

10 Jun 2022

ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့။ (ဓါတ်ပုံ - DMG)

DMG ၊ ဇွန် ၁၀

ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ယနေ့ ဇွန်လ ၁၀ ရက်နေ့ ကျောက်ဖြူမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရကြောင်း သိရသည်။  

အဆိုပါ အမှုကို  ကျောက်ဖြူအခြေစိုက် မြန်မာစစ်တပ် တပ်ရင်းတစ်ခုမှ ဗိုလ်ရဲသက်ဇော်က တရားလိုလုပ်ကာ ကျောက်ဖြူမြို့နယ်တရားရုံးတွင် စွဲချက်တင်လိုက်ခြင်းခြင်းဖြစ်ပြီး လာမည့် ဇွန် ၂၃ ရက်နေ့တွင် တရားလိုအား စစ်ဆေးမေးမြန်းမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေရေးရာကုစားရေးရုံး (ကျောက်ဖြူ)မှ ရှေ့နေတစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့ကတော့ စတင်ပြီး တရားစွဲတင်တဲ့ နေ့ပေါ့လေ။ ကျနော်တို့က ဒီအမှုကို လိုက်ပါဆောင်ရွက်ဖို့ ရုံးမှာ ပါဝါတင်တဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ရုံးက ထပ်မံချိန်းဆိုလိုက်တဲ့ လာမယ့် ၂၃ ရက်နေ့မှပဲ တရားလိုကို ကျနော်တို့ဖက်က မေးမြန်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နိုင်ဖို့ ရှိပါတယ် ” ဟု ရှေ့နေကဆိုသည်။

တရားစွဲတင် ခံရသူများမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးအား ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ကျောက်ဖြူအခြေစိုက် ခလရ (၃၄) စစ်တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ယနေ့တွင် စတင်ရုံးထုတ်ကာ တရားစွဲတင်လိုက်ခြင်းဖြစ်သည်။

အဆိုပါ စွပ်စွဲခံထားရသူ နှစ်ဦးမှာ ရောဂါအခံရှိကြပြီး အချုပ်ခံထားရစဉ်အတွင်း ၎င်းရောဂါများ ပြင်းထန်လာမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။

စွပ်စွဲခံရသည့် ဒေါ်ခင်အုန်နွဲ့၏ သမီးဖြစ်သူ မမြနွဲ့က “ ကျမ အမေက ပန်းနာရင်ကြပ်ရောဂါ အခံရှိလို့ ဆေးသောက်နေရတဲ့သူဖြစ်တယ်။ ဖမ်းချုပ်ထားစဉ်အတွင်း အဲဒီရောဂါအခံပေါ်လာမှာကို ကျမတို့ မိသားစုတွေ စိုးရိမ်နေကြရတယ် ” ဟု DMG ကိုပြောသည်။

အလားတူ ဦးသန်းလှိုင်မှာလည်း ယခင်က ဆိုင်ကယ်တိုက်ထားသည့် ဒဏ်ရာဖြင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူဖြေရှင်းနေရသူ ဖြစ်သောကြောင့် ၎င်းစွပ်စွဲချက်က အမြန်ဆုံးလွတ်မြောက်စေချင်ကြောင်း ကိုသန်းလှိုင်၏ ဇနီးဖြစ်သူ မချိုချိုသိန်းက ဆိုသည်။

“သူက အရင်က ဆိုင်ကယ်တိုက်ခံရပြီး ခေါင်းထိထားတာ။ အဲဒီဒဏ်ရာကြောင့် သိပ်မကြာခင်တုန်းကပဲ ဆေးခန်းပြ ထားရတာရှိတယ်။ ခေါင်းမှာထိထားတာဆိုတော့ သူက တစ်ခါတစ်လေဆို မေ့လွယ်သွား တာမျိုးလည်း ရှိတယ်။ ဒီလိုတွေဖြစ်နေပေမယ့် ကျမတို့မိသားစုက သူ့ကိုပဲ အားကိုးပြီး နေကြရတာ ” ဟု မချိုချိုသိန်းက ပြောသည်။

သူတို့နှစ်ဦးမှာ ရခိုင်က စစ်ဘေးရှောင်များအတွက် ရပ်ကွက်အတွင်း အလှူငွေသွားကောက်ခံရာတွင် ဖမ်းဆီးခံရသူများဖြစ်ပြီး AA နှင့် ဆက်စပ်မှုမရှိသည့်အတွက် အမြန်ဆုံး ပြန်လွှတ်လာရန် မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် မေလတုန်းကလည်း ULA- AA နှင့် ပတ်သက်ဆက်စပ်နေသည် ဟုဆိုကာ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် မြန်မာစစ်တပ်က ဒေသခံများကို ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် မေလ လကုန်ပိုင်းနှင့် ယခုဇွန်လ ဆန်းပိုင်းအထိ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၂ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့မှာ စစ်ရေးတင်းမာမှုရှိနေပြီး အချိန်မ‌ရွေး တိုက်ပွဲဖြစ်လာနိုင်ကြောင်း AA ဘက်က ပြောဆိုထားသည်။