- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်မြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်ပြတ်
ကျောက်တော်မြို့နယ်၊ ကွမ်းအုံတောင်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၈ ရက်) ညနေ ၄ နာရီခန့်က မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
08 Sep 2022
DMG ၊ စက်တင်ဘာ ၈
ကျောက်တော်မြို့နယ်၊ ကွမ်းအုံတောင်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၈ ရက်) ညနေ ၄ နာရီခန့်က မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
အသက် ၄၁ နှစ်အရွယ် ဦးဘရွှေဆိုသူမှာ ကျေးရွာနှင့် တစ်နာရီကျော်ခရီးဝေးသည့် နွားရုံသို့သွားပြီးအပြန်လမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
"သူကနွားရုံကိုသွားဖြိုတာ။ သွားတုန်းကလည်း အဲဒီလမ်းအတိုင်းပဲသွားတာ။ နွားရုံကိုဖြိုပြီးလို့ ဝါးစည်းတွေကိုထမ်းပြီးပြန်လာတဲ့အချိန်မှ မိုင်းထပေါက်တာ။ ကံကောင်းတာက သူ့မှာဖုန်းပါသွားတယ်။ ဒါကြောင့် ရွာကလူတွေကို သူမိုင်းထိထားတယ်ဆိုပြီး လှမ်းဆက်သွယ်လာလို့ သွားယူရတာ"ဟု လူနာအားသွားရောက်ယူဆောင်ခဲ့သည့် ကိုရွှေသီးက DMG သို့ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးဘရွှေ၏ ညာခြေထောက် ဒူးဆစ်အောက်မှပြတ်သွားပြီး လက်ရှိတွင် ယိုးတရုတ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဦးဘရွှေ၏ ယောက်ဖတော်စပ်သူ ကိုဇော်လင်းထွန်းကပြောသည်။
"ခြေကတော့ ပေါင်းရင်းကနေပိုင်းလိုက်ရတယ်။ တခြားခန္ဓာကိုယ်ပေါ်မှာ မိုင်းထိထားတာမရှိလို့ အသက်အန္တရာယ်စိုးရိမ်ဖို့မလိုတော့ဘူးလို့ ဆရာဝန်ကပြောတယ်။ သူကတော့ အရမ်းဝမ်းနည်းနေတယ်။ အိမ်ထောင်ဦးစီးတစ်ယောက် ခြေပိုင်းသွားရင် မိသားစုကိုဘယ်လိုရှာကျွေးရတော့မလဲဆိုပြီး ငိုနေတယ်"ဟု ၎င်းကပြောသည်။
ယခုမိုးနင်းမိခဲ့သည့်နေရာနှင့် ၂ ဖာလုံခန့်ဝေးသည့် ဗုဒ္ဓေါကျေးရွာအနီးတွင် ယခင်တိုက်ပွဲကာလက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယင်းအနီးရှိ ဆားကွင်းတောင်ကုန်းတွင် မြန်မာစစ်တပ်က လက်အချိပြီး ယန်ထိတပ်စွဲနေထိုင်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
DMG မှပြုစုထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၁ ရက်နေ့အထိ မိုင်းထိမှန်မှုကြောင့် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ဦးအထိ ရှိခဲ့သည်။