ကျောက်တော် လူငယ်များအစည်းအရုံးက ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို စစ်တပ်မှလာရောက်ဟန့်တား

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် ရန်ပုံငွေရရှိရန်အတွက် ကျောက်တော်လူငယ်များအစည်းအရုံးက ဦးဆောင်ကာကျင်းပသည့် ရှိုးပွဲအား စစ်တပ်မှ အင်အား ၁၀၀ ခန့်ဖြင့် လာရောက်ဟန့်တားခဲ့ကြောင်း ကနဦး သိရသည်။

11 Dec 2021

DMG |ဒီဇင်ဘာ ၁၁

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် ရန်ပုံငွေရရှိရန်အတွက် ကျောက်တော်လူငယ်များအစည်းအရုံးက ဦးဆောင်ကာကျင်းပသည့် ရှိုးပွဲအား စစ်တပ်မှ အင်အား ၁၀၀ ခန့်ဖြင့် လာရောက်ဟန့်တားခဲ့ကြောင်း ကနဦး သိရသည်။

ကျောက်တော်လူငယ်များအစည်းအရုံး၏ နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် ရန်ပုံငွေရရှိရန်အတွက် အဆိုပါရှိုးပွဲကို မြို့သစ်ရပ်ကွက်ရှိ ကျောက်တော်မြို့မဘောလုံးကွင်းအတွင်း ယနေ့ ဒီဇင်ဘာ ၁၁ရက် ညပိုင်းတွင် ပြုလုပ်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ကျောက်တော်လူငယ်များအစည်းအရုံးမှ ဒုဥက္ကဌ ကိုအောင်ဟိန်းလင်းက “၅နာရီဝန်းကျင်လောက်မှာ စစ်ကားနှစ်စီးနဲ့လာတာပါ။ အင်အား ၁၀၀လောက်ပါတယ်လို့

မြင်လိုက်တဲ့တစ်ယောက်က ကျွန်တော့်ကိုဖုန်းဆက်ပြီးပြောလာတယ်။ သူတို့က ဒိုင်းကာတွေနဲ့အရင် ရဲစခန်းကို လာတယ်။ အဲဒီကတဆင့်လမ်းလျှောက်ပြီး ပွဲလုပ်ဖို့ ပြင်ဆင်ထားတဲ့ကွင်းကိုလာပြီးတော့ ကိုဗစ်ရောဂါကြောင့်မို့ ပွဲချခွင့်မပြုနိုင်ဆိုပြီးတော့တားတာပါ” ဟု ပြောသည်။

အဆိုပါပွဲပြုလုပ်ရန် စီစဉ်ထားမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကို ဒီဇင်ဘာ ၂ ရက်က အကြောင်းကြားခဲ့ သော်လည်း ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တပ်မှတာဝန်ရှိသူနှစ်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပွဲပြုလုပ်ခွင့်မပြုနိုင်ဟုဆိုကာ ခေါ်ယူပြောဆိုမှုရှိခဲ့ကြောင်း သိရသည်။

ပွဲကျင်းပရန် ဦးဆောင်နေသူများအနေဖြင့် ၎င်းတို့၏လုံခြုံရေးကို စိုးရိမ်ရသဖြင့် လတ်တလောတွင် တိမ်းရှောင်နေရသည်ဟုလည်း ကျောက်တော်လူငယ်များအစည်းအရုံးမှ အခြားတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပွဲကျင်းပချင်ရင်တော့ကျင်းပ၊ ပွဲကျင်းပရင်တော့ ငါတို့ဖမ်းမယ်ဆိုပြီးတော့ပြောတယ်။ လောလောဆယ်တော့ ပွဲခင်းမှာဘာမှမရှိတော့ဘူး။ ပွဲစီစဉ်တဲ့သူတွေလည်း လုံခြုံရေးအရ ရှောင်နေရပါတယ်။ ကျွန်တော်တို့က ဒီပွဲကို ကျင်းပတယ်ဆိုတာ ကိုယ့်အကျိုးကျေးဇူးအတွက်ကျင်းပတာမဟုတ်ဘူး။ ကိုယ့်မြို့ကိုယ့်ရွာ အကျိုးအတွက် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီလို့ရအောင် ကျင်းပရတာဖြစ်ပါတယ်။ ဒီလိုမျိုးဟန့်တားတယ်ဆိုတာဟာ လုံးဝမဖြစ်သင့်ပါဘူး”ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

ပွဲပြုလုပ်ရန်စီစဉ်နေသည့်နေရာကို ယနေ့ ဒီဇင်ဘာ ၁၁ရက် ညနေ ၅နာရီခန့်တွင် စစ်ကား ၂စီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လူငယ်များအနေဖြင့် ကိုယ့်ကျိုးအတွက်မကြည့်ပဲ မိမိတို့၏မြို့ရွာအကျိုးအတွက် ရန်ပုံငွေရရှိရန် လုပ်ဆောင်နေခြင်းအား ဟန့်တားခြင်းမှာ ရွံရှာစရာလုပ်ရပ်ဖြစ်သည်ဟု ကျောက်တော်မြို့ဒေသခံ ဦးဇော်ဝင်းကပြောသည်။

“ဒီလိုမျိုး လူငယ်တွေကျင်းပတဲ့ပွဲကို အခုလိုဟန့်တားတာကို ရွံရှာမိတယ်။ အပြင်းထန်လည်းရှုတ်ချမိတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာတစ်ရက်ထက်တစ်ရက် အလုပ်တွေကိုအများကြီးလုပ်လာဖို့အတွက် ဒီလိုလုပ်ရတာဖြစ်တယ်။ အခုစစ်ကောင်စီက သူတို့ကိုတားမြစ်တာဟာ ဒီပွဲကိုတားမြစ်တာနဲ့မတူဘဲ သူတို့ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အလုပ်တွေကို တားဆီးနေတာနဲ့တူပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပွဲကျင်းပရန်ပြုလုပ်နေမှုအပေါ် စစ်တပ်မှ လာရောက်ဟန့်တားမှုကြောင့် တေးဂီတဖျော်ဖြေပွဲကို ရက်ရွှေ့ပြီးပြုလုပ်ရန် လျာထားကြောင်းလည်း သိရသည်။