- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ရန် ကန့်သတ်ထားသည့်အတွက် ဒေသခံများအခက်ကြုံ
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကိုဗစ်ကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ကြရန် ကန့်သတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
08 Sep 2021
DMG ၊ စက်တင်ဘာ ၈
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကိုဗစ်ကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ကြရန် ကန့်သတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
ပလက်ဝမြို့တွင် နံနက် ၅ နာရီမှ ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပထွက်ခွင့်မရသည့်အတွက် ကျဗန်းအလုပ်လုပ်ကိုင်သူ၊ ဟွန်တာစက်လှေမောင်းနှင်သူ၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ အစရှိသည့် အခြေခံလက်လုပ်လက်စားများမှာ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲဖြစ်နေကြသည်ဟု ပလက်ဝဒေသခံများထံမှ သိရသည်။
ပလက်ဝဒေသခံ ဦးတင်ဦးက “၁၁ နာရီနောက်ပိုင်း သွားလာခွင့်မရတော့ အခြေခံလက်လုပ်လက်စားတွေမှာ အလုပ်လက်မဲ့ဖြစ်ကြတယ်။ မဖြစ်မနေလုပ်ရမဲ့အလုပ်လောက်ပဲ လုပ်နေကြရတာ။ လက်လုပ်လက်စားတွေမှာ အလုပ်မရှိတော့ စားဝတ်နေရေးအခက်အခဲဖြစ်တယ်"ဟု ပြောသည်။
"ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ထက်ဈေးတက်လာတယ်။ ဟင်း တစ်ခုတည်းနဲ့ ထမင်းစားမယ်ဆိုရင်တောင် ပိုက်ဆံ ၃၀၀၀ ဖို့လောက်ကုန်နေပြီ အလုပ်မရှိတဲ့သူတွေဆိုရင် ဟင်းနဲ့တောင် ပုံမှန်မစားနိုင်တော့ဘူး“ဟု ဦးတင်ဦးကဆက်ပြောသည်။
ပလက်ဝမြို့တွင် နေ့လည် ၁၁ နာရီနောက်ပိုင်း အရေးပေါ်အပြင်ထွက်လိုပါက သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာယူရပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုမလိုက်နာပါက ဒဏ်ငွေဆောင်ရကြောင်း သိရသည်။
ပလက်ဝမြို့မှ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ဦးမောင်မောင်က ယခင်က တစ်နေ့ဝင်ငွေတစ်သောင်းနှင့်အထက်ရခဲ့သော်လည်း ယခုကာလမှာ ဝင်ငွေငါးထောင်တောင် မရရှိတော့ကြောင်း ပြောသည်။
“ကွာခြားမှုကတော့အများကြီးရှိတယ်။ သုံးဘီးမောင်းရင်တောင် အရင်လို စီးမဲ့သူတွေမရှိတော့ဘူး။ ဝင်ငွေလည်းမရတော့ဘူး။ အလုပ်မရှိလို့အပြင်မထွက်ကြတော့ဘူး။ စည်းကမ်းချက်ကို လိုက်နာတဲ့အနေနဲ့လည်း အပြင်မထွက်ကြတော့ဘူး။ စီးမဲ့သူတွေလည်းမရှိဘူး။ ဒါကြောင့်ကျနော်တို့လက်လုပ်လက်စားသမားတွေ ပိုပြီးတော့အခက်အခဲဖြစ်တယ်“ဟု ၎င်းကဆိုသည်။
ပလက်ဝဒေသခံများမှာ ဆန်ရိက္ခာနှင့် တခြားကုန်ပစ္စည်းများကို ကျောက်တော်မြို့မှ အဓိကသယ်ယူနေရခြင်းဖြစ်ပြီး လက်ရှိမှာ ကုန်ပစ္စည်းများကို လွယ်ကူစွာသယ်ယူခွင့်မရကြသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ ပုံမှန်ထက်အနည်းငယ်မြင့်တက်နေခြင်းဖြစ်ကြောင်းလည်း ပလက်ဝဒေသခံများက ပြောသည်။
ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်ကို ၄၀၀၀၀ ကျပ်ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်းမှာ ၄၅၀၀၀ ကျပ်အထိဈေးမြင့်တက်လာပြီး ဆန်ကြမ်းတစ်အိတ်ကို ၂၅၀၀၀ ခန့်မှ ၃၀၀၀၀ အထိ ရှိလာသည့်အပြင် တခြားကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ပလက်ဝမြို့ရှိ ရိုမန်ကက်သလစ်စစ်ဘေးရှောင်စခန်းနှင့် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတို့တွင်လည်း သြဂုတ်လ ၂၇ ရက်နေ့က lockdown ချထားသည့်အတွက် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးနှင့် ငွေကြေးအခက်အခဲများဖြစ်နေကြကြောင်း သိရသည်။
“မြို့အတွင်းမှာလည်း ၁၁ နာရီနောက်ပိုင်း အပြင်မထွက်ရဘူး။ စစ်ဘေးရှောင်စခန်းမှာလည်း အသွားအလာကန့်သတ်ထားတော့ ကျနော်တို့မှာ အခက်အခဲဖြစ်တာပေါ့။ ဆန်တစ်ခုတည်းနဲ့နေနေရတယ်။ တခြားဝယ်စားဖို့အတွက်လည်း ပိုက်ဆံမရှိဘူး“ ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။
ပလက်ဝဒေသခံများမှာ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကိုသွားလိုပါက စစ်တပ်ကိုတိုင်ကြားပြီးမှသာသွားလာခွင့်ရကြသည်။ ယင်းကြောင့် တရားဝင်သွားလာခွင့်ရရန်နှင့် ကုန်ပစ္စည်းများကိုလည်း လိုသလောက်သယ်ယူခွင့်ရရန် ပလက်ဝဒေသခံများက လိုလားနေကြသည်။
ပလက်ဝမြို့တွင် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းချက်များကို လိုက်နာမှုရှိ၊မရှိကို ရဲအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းကာ မြို့ဝင်မြို့ထွက်နေရာများ၊ ရပ်ကွက်များတွင်စစ်ဆေးမှုများရှိကြောင်းလည်း သိရသည်။