- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က ကူးတို့လှေဖြင့်ကျောင်းတက်ရမည့် ကလေးငယ်များအတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေ
မကြာမီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ရခိုင်ပြည်နယ်အတွင်းက ကူးတို့လှေကိုအသုံးပြုကာ ရေလမ်းခရီးမှကျောင်းတက်ရမည့် ကျောင်းသား၊ ကျောင်းသူတို့အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေကြောင်း ကျောင်သားမိဘများကပြောသည်။
27 May 2022
DMG ၊ မေ ၂၇
မကြာမီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ရခိုင်ပြည်နယ်အတွင်းက ကူးတို့လှေကိုအသုံးပြုကာ ရေလမ်းခရီးမှကျောင်းတက်ရမည့် ကျောင်းသား၊ ကျောင်းသူတို့အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေကြောင်း ကျောင်သားမိဘများကပြောသည်။
ရခိုင်တွင် မြစ်ချောင်းပေါများပြီး ကျေးလက်ဒေသမှ ကျောင်းသားအချို့မှာလည်း တစ်ရွာမှတစ်ရွာသို့ ကူးတို့လှေဖြင့်သွားရောက်ကာ ပညာသင်ကြားနေကြရသည်။
ယခုနှစ်မိုးဦးရာသီတွင် ကူးတို့လှေဖြင့်ကျောင်းတက်ရမည့် ကျောင်သား၊ ကျောင်းသူများ အသက်အန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသက်ကယ်အင်္ကျီများလိုအပ်နေသည်ဟု ကျောင်းသားမိဘများကပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ ရဟတ်တောင်ကျေးရွာတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းမရှိသဖြင့် ပိုးရွှီပြင် အ.ထ.ကကျောင်းသို့ ကူးတို့လှေဖြင့် သွားရောက်တက်ကြရသည်ဟု ရဟတ်တောင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်သိန်းမြင့်ကပြောသည်။
"အလယ်တန်းကလေးတွေက ငယ်သေးတော့ ရေလမ်းကြောင်းမှာ အန္တရာယ်တစ်ခုခုဖြစ်မှာကို ကျောင်းသားမိဘတွေက စိုးရိမ်ကြတယ်။ အဲဒီမှာ အသက်ကယ်အင်္ကျီကမရှိကြဘူး။ သွားဝယ်ဖို့လည်း ဒေသခံတွေကဆင်းရဲတော့ မတတ်နိုင်ကြဘူး”ဟု ၎င်းက DMG သို့ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ဇွန်လ ၁ ရက်နေ့က ပိုးရွှီပြင်သို့ ကျောင်းသွားရောက်တက်သည့် ကူးတို့လှေနစ်မြုပ်ခဲ့ကာ ရဟတ်တောင်နှင့် ဂန့်ဂါကျေးရွာတို့မှ ကျောင်းသား/သူ ၇ ဦးသေဆုံးခဲ့ရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းက အချို့သောစစ်ဘေးရှောင်စခန်းများမှ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသားများမှာလည်း ကူးတို့လှေဖြင့် ကျောင်းသွားတက်ရသည်များရှိနေကြောင်းလည်း သိရသည်။
ကျောက်တော် ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုနိုင်ထွန်းဝင်းက “အထက်တန်းကျောင်းသားတွေက ကူးတို့ကူးပြီး ကျောင်းသွားတက်ရတယ်။ ကူးတို့လှေကငယ်ပြီး မိုးရာသီဆို မှောက်လွယ်တော့ ကျောင်းသားတွေအတွက် အန္တရာယ်များတယ်"ဟု ပြောသည်။
ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ကန်စောက်အ.ထ.ကကျောင်းသို့ ကူးတို့လှေဖြင့်ကျောင်းတက်ရသည့် ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာ ငွေ(၄၅၀၀၀)ကျပ်ပေးရသည်ဟုလည်း ဝါးတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံကပြောသည်။
ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာမှ ကျောင်းသား၊ ကျောင်သူများမှာလည်း ယိုးချောင်းကိုဖြတ်ကူးကာ အနီးရှိ ကန်စောက်အ.ထ.ကကျောင်းသို့ ကျောင်းတက်နေကြရသည်။
“အလယ်တန်းကျောင်းကတော့ စခန်းအနီးမှာရှိလို့ အဆင်ပြေတယ်။ အထက်တန်းကျောင်းသားတွေကျတော့ ကန်စောက်ရွာဘက် ကူးတို့ကူးပြီးသွားသင်ရတယ်။ မိုးကြီးရေကြီးရင် ကူးတို့နဲ့ကျောင်းသွားတက်ရတဲ့သူတွေအတွက် စိုးရိမ်ရတာပေါ့”ဟု တောင်မင်းကုလားကျေးရွာမှ ဦးအောင်ကျော်ဝင်းကပြောသည်။
ထိုသို့ မြစ်ချောင်းများကိုဖြတ်ကာ ကျောင်းတက်နေရသည့် ကျောင်းသားများ အသက်အန္တရာယ်လုံခြုံမှုရှိစေရန်အတွက် အသက်ကယ်အင်္ကျီများချထားပေးရန် ကျောင်းသားမိဘများက တောင်းဆိုကြသည်။
ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဆိုပါကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများကို အခမဲ့ပေးရန် စီစဉ်ထားပြီဖြစ်သည်ဟုပြောသည်။
“ရခိုင်မှာ ကူးတို့နဲ့ကူးပြီးကျောင်းတက်နေရတဲ့ ကျောင်းအရေအတွက်ကတော့ စာရင်းကောက်နေတုန်းပါပဲ။ အရင်ကထက်စာရင်တော့ တော်တော်နည်းသွားပါပြီ။ သူတို့တွေကို အသက်ကယ်အင်္ကျီထောက်ပံ့မယ့် အစီအစဉ်တွေလည်းရှိပါတယ်။ ပေးဖို့အတွက်အင်္ကျီတွေလည်း ကျနော်တို့ဆီမှာရှိနေပါပြီ”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက DMG ကိုပြောသည်။
ရခိုင်တွင် ယခုပညာသင်နှစ်အတွင်း ကူးတိုးလှေဖြင့်ကျောင်းတက်ရမည့် ကျောင်းသား/သူအရေအတွက် မည်မျှရှိသည်ကို အတိအကျမသိရသေးသော်လည်း ကျောင်းအဆင့်မြှင့်တင်ထားမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုတို့ကြောင့် ကူးတို့လှေကျောင်းတက်ရသည့် ကျောင်းသားကျောင်းသူဦးရေမှာ ယခင်နှစ်များထက်နည်းနိုင်ကြောင်း ဒေါက်တာထွန်းထွန်းသိန်းက ဆိုသည်။
ရခိုင်ဒေသသည် မြစ်ချောင်းပေါများသည့်အတွက် ကျေးလက်တွင်ရှိသည့် ကလေးငယ်အများစုမှာ စက်လှေစီးကာ ချောင်းကူးမြစ်ကူးပညာသင်ကြားနေရသဖြင့် ရခိုင်ပြည်နယ်က ကလေးသူငယ်များအတွက် အန္တရာယ်အရှိဆုံးနေရာတစ်ခုဖြစ်ကြောင်းလည်း UNICEF က ၂၀၁၆ နိုဝင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။