- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မွန်ပြည်နယ်တွင် ဖုန်းဖြင့်ခြိမ်းခြောက်ပြီး ငွေတောင်းသည့်ဖြစ်စဉ် များပြားလာ
မွန်ပြည်နယ်၊ မော်လမြိုင်၊ မုဒုံ စသည့်မြို့ပေါ်များတွင် ယခုရက်ပိုင်အတွင်း အမည်မသိသူများက ဖုန်းဖြင့်ခြိမ်းခြောက်ကာ ငွေတောင်းယူသည့်ဖြစ်စဉ်များ ပိုမိုပြားလာနေသည့်အတွက် ပြည်သူများ စိုးရိမ်စရာဖြစ်လာနေကြောင်း မြို့ခံများကပြောသည်။
27 Aug 2022
DMG ၊ သြဂုတ် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်၊ မုဒုံ စသည့်မြို့ပေါ်များတွင် ယခုရက်ပိုင်အတွင်း အမည်မသိသူများက ဖုန်းဖြင့်ခြိမ်းခြောက်ကာ ငွေတောင်းယူသည့်ဖြစ်စဉ်များ ပိုမိုပြားလာနေသည့်အတွက် ပြည်သူများ စိုးရိမ်စရာဖြစ်လာနေကြောင်း မြို့ခံများကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ(၂၄)ရက်နေ့က မော်လမြိုင်မြို့ ဖက်တန်း ရပ်ကွက်တွင်နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို အမည်မသိသူတစ်ဦးမှ ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုပြီး ငွေတောင်းယူသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဖက်တန်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။
“အသိ ရွှေဆိုင်ရှင်တစ်ဦးကို ငွေညစ်တယ်။ ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီး ဖုန်းနဲ့ခြိမ်းခြောက်ပြောတာ။ နောက်တော့ ရွှေဆိုင်တွေကို ခဏပိတ်ထားရတယ်”ဟု ၎င်းကပြောသည်။
ထို့အပြင် ဖက်တန်းရပ်ကွက်ရှိ မြိုင်ရတနာလေးထပ်ဈေး၊ မြိုင်ရတနာနှစ်ထပ်ဈေးနှင့် သထုံတံတားလမ်းတို့တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်များမှ ဆိုင်ရှင်အများစုမှာလည်း ဖုန်းဖြင့်ခြိမ်းခြောက်ကာ ငွေတောင်းယူသည့်ဖြစ်စဉ် ၁၄ ခုထက်မနည်းရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားသော်လည်း တစုံတရာထူးခြားမှုမရှိကြောင်း ရွှေဆိုင်ရှင်များထံမှသိရသည်။
\ခြိမ်းခြောက်ငွေတောင်းခံရသူ ရွှေဆိုင်ရှင်တစ်ဦးက “အခုက ကျနော်တစ်ယောက်ထဲ ဖြစ်တာမဟုတ်ဘူး။ ဖက်တန်းက ရွှေဆိုင်ပိုင်ရှင် အတော်များများဖြစ်နေတာ။ ဒီကိစ္စ ရဲကိုအကြောင်းကြားလည်း ဘာမှမထူးဖြစ်နေတယ်”ဟု ဆိုသည်။
ထိုသို့ ငွေကြေးခြိမ်းခြောက်တောင်းယူ ခံရသူများထဲတွင် ရွှေဆိုင်ရှင်များသာမက ဈေးဆိုင်ဖွင့်လှစ်ထားသူများပါပါဝင်လာပြီး ဖုန်းဖြင့်ဆက်သွယ်ခြိမ်းခြောက်ခြင်း၊ နေအိမ်သို့ အမည်မသိသူများမှ လာရောက်ပြီး အသက်သေဆုံးသည်အထိ အကြမ်းဖက်လုပ်ဆောင်မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မော်လမြိုင်မြို့ အောက်လမ်းမကြီးရှိ ဈေးအရောင်းဆိုင်ရှင်တစ်ဦးက “ရွှေဆိုင်ရှင်တွေမှ မဟုတ်တော့ဘူး။ ဈေးဆိုင်ရှင်တွေကိုပါ အလွတ်မပေးတော့ဘူး။ အိမ်ထဲကိုလည်း အတင်းဝင်လုယက်တာတွေပါရှိတယ်။ လူသေတာပါဖြစ်ကုန်တယ်။ စိန်မမကျောင်းအနောက်က ဓာတ်ပေါင်းစေတီလမ်းနေအိမ်ကို ဝင်လုတာ အသိတစ်ယောက်အသတ်ခံရတယ်”ဟု ပြောသည်။
ထို့အတူ မွန်ပြည်နယ် မုဒုံမြို့ရှိ ရွှေဆိုင်ရှင်တစ်ဦးထံသို့ အမည်မသိအဖွဲ့မှ ခြိမ်းခြောက်ငွေကြေးအတင်းတောင်းယူသည့် ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရွှေဆိုင်အားလုံးနီးပါး ဆိုင်ပိတ်သိမ်းရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ငွေကြေးခြိမ်းခြောက်တောင်းယူခံရမှုဖြစ်စဉ်များမှာ စစ်အာဏာသိမ်းမှုကြောင့် တရားဥပဒေ၏ ကာကွယ်ပိုင်ခွင့်ဆုံးရှုံးရခြင်း အကျိုးဆက်များဖြစ်ပြီး နိုင်ငံသားများအနေဖြင့် ဥပဒေမဲ့ချိုးဖောက်မှုများကို ယခုထက်ပိုမိုရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူများက သုံးသပ်ထားသည်။
မွန်ပြည်နယ်၊ မော်လမြိုင်နှင့် မုဒုံမြို့တို့၌ ယခုသြဂုတ်လ တတိယသီတင်းပတ်အတွင်း ခြိမ်းခြောက်ငွေတောင်းယူသည့်ဖြစ်စဉ် (၁၅)ခုထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။