မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများ ဘဝရပ်တည်နိုင်ရေး အကူအညီများလိုအပ်

ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှာ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ထိခိုက်သွားသူများနှင့် ကူညီနေသည့်  အဖွဲ့အစည်းများထံမှ သိရသည်။

21 Jul 2022

ယခုနှစ်ဇူလိုင်လ ၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ ဝက်မိုင်းကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ဒေသခံကို စစ်တွေဆေးရုံကြီးသို့ သယ်ဆောင်လာစဉ်။ ဓာတ်ပုံ- CJ

DMG ၊ ဇူလိုင် ၂၁

ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှာ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ထိခိုက်သွားသူများနှင့် ကူညီနေသည့်  အဖွဲ့အစည်းများထံမှ သိရသည်။

မိုင်းကြောင့် ထိခိုက်သွားသူများကို နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)အပါအဝင် အရပ်ဖက်အဖွဲ့အစည်းအချို့မှ ထောက်ပံ့မှုများရှိသော်လည်း ဘဝတစ်ခုပြန်လည်ထူထောင်ရေးကိစ္စများတွင် အကူအညီများလိုအပ်လျက်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“လောလောဆယ်မှာက ဆေးရုံတွင်းကုသနေစဉ်အတွင်းမှာ အထောက်အပံ့တွေပေးနိုင်ကြပြီးတော့ ဆေးရုံကဆင်းသွားပြီဆိုရင် ဆက်လက်ကုသဖို့ကိစ္စတွေ၊ နောက်မိုင်းထိသူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေး၊ မိသားစုတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အကူအညီပေးတာက မရှိသလောက်နည်းတယ်”ဟု သူကပြောသည်။

ယခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ကျောက်တော်မြို့နယ် ငှက်ပျောချောင်းကျေးရွာမှ မိုင်းထိမှန်ပြီး ဘယ်ဖက်ခြေထောက်ပြတ်သွားသည့် ဒေါ်အေးမြ၏ သမီးဖြစ်သူ မစုပုံချစ်က လတ်တလောတွင် ကူညီထောက်ပံ့မှုအချို့ရှိသော်လည်း ရေရှည်တွင် လုပ်ကိုင်စားသောက်ရန် အကူအညီများလိုအပ်နေကြောင်း ပြောသည်။

“အမေ အခုလိုဖြစ်သွားတဲ့အတွက် စားဝတ်နေရေးအခက်အခဲက အရမ်းဆိုးသွားတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့က နဂိုကတည်းက သားမိနှစ်ယောက်တည်းနေတာဖြစ်တယ်။ ကျမစာသင်တာကလည်း အမေတစ်ယောက်တည်းရုန်းကန်ပြီး စာသင်တာဖြစ်တယ်။ အားကိုးစရာလည်းမရှိဘူး။အခု အမေက အခုလိုဖြစ်သွားတဲ့အတွက် စားဝတ်နေရေးရော၊ ကျမ ပညာသင်ဖို့အရေးရော အခက်အခဲတွေက အများကြီးဖြစ်သွားတယ်”ဟု သူကပြောသည်။

ရခိုင်ပြည်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံး၊ဒဏ်ရာရရှိသူများမှာ သိသိသာသာတိုးလာနေပြီး ယခုနှစ်အတွင်းမှာပင် မိုင်းထိမှန်မှုကြောင့် ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ ပလက်ဝမြို့နယ်တို့မှ ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း (REC)မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

မိုင်းထိမှန်မှုကြောင့် ထိခိုက်သွားသူများမှာ ဆေးကုသနေစဉ်အတွင်း အဖွဲ့အစည်းအချို့မှ ကူညီထောက်ပံ့မှုများရရှိခဲ့သော်လည်း စစ်ကောင်စီမှ ထောက်ပံ့ကူညီမှုကို လက်ရှိအချိန်ထိမရရှိသေးကြောင်း မေလ ၂၈ ရက်နေ့က မိုင်းထိမှန်မှုကြောင့် ခြေတစ်ဖက်ပြတ်သွားသည့် ပလက်ဝမြို့နယ် င/ချကျေးရွာမှ ကိုအောင်အောင်ဦးက ပြောသည်။

“ဆေရုံမှာတုန်းကတော့ အခမဲ့ကုသခွင့်ရခဲ့တယ်။ ICRC အဖွဲ့အစည်းကလည်း ခြေအတုတွေ၊ ချိုင်းထောက်တွေ လုပ်ပေးမယ်လို့ပြောတယ်။ နောက်တချို့အဖွဲ့တွေက ငွေကြေးထောက်ပံ့မှုရတယ်။ ဆေးရုံကဆင်းပြီးနောက်မှာတော့ အကူညီမရတော့ဘူး”ဟု သူကပြောသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သွားသည့် အရပ်သားပြည်သူများ ကူညီထောက်ပံ့ပေးခြင်းကို ယခင် NLD အစိုးရလက်ထက်က တွေ့ခဲ့ရသော်လည်း စစ်ကောင်စီလက်ထက်တွင် မတွေ့ရသေးကြောင်းနှင့် ပြည်သူအတွက်စဉ်းစားလျှင် ထောက်ပံ့ကူညီမှုများပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“ပြည်သူလူထုအပေါ်မှာ တာဝန်ယူမှုရှိတဲ့အစိုးရဆိုရင်တော့ လက်နက်ကိုင်တွေမဟုတ်တဲ့ အရပ်သားတွေ ထိခိုက်မှုအပေါ်မှာတော့ ထောက်ပံ့မှုတွေပေးသင့်တယ်။ ဘာဖြစ်လို့ဆိုရင် မိုင်းထိတဲ့အတွက် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်သွားတာရှိတယ်။ သေဆုံးသွားတယ်ဆိုရင်လည်း မိသားစုတွေမှာ အနာဂတ်မှာ ဆိုးဝါးတဲ့အခက်အခဲတွေဖြစ်လာကြတယ်။ ပြည်သူလူထုအတွက် စဉ်းစားပေးတဲ့ အစိုးရဆိုရင်တော့ ဒီအတိုင်းဥပေက္ခာပြုထားဖို့တော့မကောင်းဘူး။ တက်နိုင်သမျှကူညီပေးသင့်တယ်”ဟု သူကပြောသည်။

မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသူများမှာ လယ်ယာလုပ်ငန်းနှင့် တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များဖြစ်ပြီး ၎င်းတို့မှာ မိုင်းအန္တရာယ်ကို စိုးရိမ်ခြင်းများရှိသော်လည်း စားဝတ်နေရေးအတွက် တောတောင်များသို့သွားရောက်ပြီး လုပ်ကိုင်စားသောက်နေရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထိုသို့ တောတောင်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေရသည့် ဒေသခံပြည်သူများမှာ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်များကြောင့် အသက်အန္တရာယ်ထိခိုက်မည်ကို အလွန်စိုးရိမ်လျက်ရှိနေကြသည့်အတွက် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိုင်းရှင်းလင်းရေးများကို အမြန်ဆုံးပြုလုပ်ပေးရန် လိုအပ်နေသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၃၂ ဦးရှိကြောင်း (REC)၏စာရင်းအရ သိရသည်။