- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးဒေသခံ သုံးဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထပ်တိုးတရားစွဲ
ပုဒ်မ-၁၇(၁)သည် ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ပုဒ်မ-၅၀၅(က)သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။
16 Jan 2023
DMG ၊ ဇန်နဝါရီ ၁၆
ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)နှင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းမှ ဒေသခံသုံးဦးမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)ဖြင့် ထပ်တိုး တရားစွဲဆိုခံထားရကြောင်း ၎င်းတို့၏ မိသားစုဝင်များကပြောသည်။
မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်နှင့် တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်းတို့ကို ပုဒ်မ- ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံထားရသည်ကို မိသားစုဝင်များမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ရုံးချိန်းတွင် သိရှိခဲ့ရခြင်းဖြစ်သည်။
“မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နဲ့ဆိုပြီး အမှုတစ်ခု ထပ်တိုးလာတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး စိစစ်တာတွေ၊ ဘာတွေ မရှိသေးဘူး။ အဲဒီအမှုမှာ တရားလိုကဘယ်သူ၊ သက်သေဘယ်နှစ်ယောက် ဆိုတာလည်း ဘာမှမသိရသေးဘူး။ သူတို့ကတော့ အဲဒီအမှုနဲ့ပတ်သက်ပြီး အစည်းအဝေးထိုင်နေတုန်းပဲလို့ ပြောပါတယ်” ဟု ကိုကျော်ဝင်းလှိုင်၏ ဇနီး မလှလှမြင့်က DMG သို့ ပြောသည်။
၂၀၂၂ ခုနှစ် (ဇွန်လ ၂၁ ရက်)က မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့(ဇွန်လ ၂၂ ရက်)တွင် ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်နှင့် ကိုပြည့်စုံဝင်း တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
၎င်းတို့သုံးဦးကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)နှင့် မြောက်ဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။ ယင်းအမှုတွင် တရားလိုသက်သေ ၆ ဦးအနက် ၄ ဦးကို စစ်ဆေးပြီးဖြစ်ကာ လာမည့်ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း သိရသည်။
ယခင်ကတည်းက သံသယဖြင့်ဖမ်းဆီးခံရကာ ၅၀၅(က)နှင့် မတရားသဖြင့် စွပ်စွဲခံနေရချိန်တွင် နောက်ထပ် မတရားအသင်းဆက်သွယ်မှုနှင့် ထပ်တိုးတရားစွဲဆိုလာခြင်းမှာလည်း မတရားစွပ်စွဲခံရခြင်းသာ ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
“၁၇(၁)နဲ့ဆိုပြီး အမှုတစ်ခုထပ်တိုးတယ်ဆိုပြီး တရားရုံးက သိထားရတယ်။ သူတို့ ပထမက- ၅၀၅(က)နဲ့ တရားစွဲထားပြီးရင် AA နဲ့ ဆက်သွယ်တယ်၊ AA က လူတွေကို ထောက်ပံ့တယ်ဆိုပြီး အဲဒါတွေနဲ့ စွဲထားတာလေ။ ကျနော့်သားက အဲလိုတွေ ထောက်ပံ့ဆက်သွယ်တာတွေ မရှိဘူး” ဟု ကိုကိုညွန့်၏ဖခင် ဦးကျော်ညွန့်က ပြောသည်။
အလားတူ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်တွင် နေထိုင်သည့် အလွတ်တန်းသတင်းထောက် ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းနှင့် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ တို့ကိုလည်း ပုဒ်မ- ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။
ပုဒ်မ-၁၇(၁)သည် ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ပုဒ်မ-၅၀၅(က)သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။
#I001