- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားမြို့ရှိ အထင်ကရမင်းကန် ကန်ဘောင်ကို လမ်းလျှောက်နိုင်မည့်ပတ်လမ်းအဖြစ်ပြုလုပ်နေမှုအပေါ် ဝေဖန်မှုများရှိ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ အထင်ကရနေရာတခုဖြစ်သော မင်းကန် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်လို့ရမည့် ပတ်လမ်းနေရာ၊ လူအများစိတ်အပန်းဖြေရာနေရာအဖြစ် ထွေ/အုပ်ကပြုလုပ်နေသည့်အပေါ် ကန်ရေညစ်ညမ်းလာမည်ကိုစိုးရိမ်မှုဖြင့် မြို့ခံများအကြား ဝေဖန်မှုများရှိနေကြသည်။
09 Apr 2022
DMG ၊ ဧပြီ ၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ အထင်ကရနေရာတခုဖြစ်သော မင်းကန် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်လို့ရမည့် ပတ်လမ်းနေရာ၊ လူအများစိတ်အပန်းဖြေရာနေရာအဖြစ် ထွေ/အုပ်ကပြုလုပ်နေသည့်အပေါ် ကန်ရေညစ်ညမ်းလာမည်ကိုစိုးရိမ်မှုဖြင့် မြို့ခံများအကြား ဝေဖန်မှုများရှိနေကြသည်။
အဆိုပါမင်းကန်မှာ မြို့သူမြို့သားများအတွက် သောက်ရေကန်ကြီးတစ်ခုဖြစ်ပြီး ကန်ဘောင်ပတ်လမ်းကို လမ်းလျှောက်ထွက်မည့်နေရာအဖြစ် ပြုလုပ်လိုက်ခြင်းအားဖြင့် လူဝင်လူထွက်များလာကာ အမှိုက်သရိုက်များပြည့်လာနိုင်ပြီး ရေမှာလည်း မသန့်ရှင်းမှုများဖြစ်လာနိုင်သည်ဟု ဝေဖန်နေကြခြင်းဖြစ်သည်။
“ဒီကန်က သမိုင်းဝင်ကန်၊ ပြီးတော့ မင်းပြားမှာဆိုရင် အဓိကအရေးပါတဲ့ သောက်ရေကန်တခုလည်းဖြစ်တယ်။ အခုလို လမ်းလျှောက်ထွက်မယ့်နေရာတစ်ခုအဖြစ်လုပ်လိုက်ရင် လူဝင်လူ ထွက် အသွားအလာတွေများလာပြီး ရေတွေမသန့်မရှင်းဖြစ်လာမှာတောင်စိုးရိမ်နေတယ်။ ကျမတို့က အဲဒီကန်ရေကို သောက်နေတာ။ ကျမတို့ဆန္ဒကိုပြောရမယ်ဆိုရင် အဲဒီကန်တော်ကြီးကို ဘာမှမလုပ်ဘဲ၊ အထဲမှာရှိတဲ့ ခြုံတွေကိုသေချာရှင်းပြီး ခြံစည်းရိုး လောက်ပဲခတ်ထားစေချင်တယ်”ဟု မင်းပြားမြို့ခံ ဒေါ်ခင်မာရီကဆိုသည်။
လက်ရှိတွင် ကန်ဘောင်ပတ်ပတ်လည်ကို ဘတ်ဟိုးများဖြင့် မြေတူး၊ မြေညှိလုပ်ငန်းများလုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း မင်းပြားဒေသခံများထံမှ သိရသည်။
“အပန်းဖြေစခန်းလိုမျိုး ခုံတွေချတယ်။ အလှမီးတွေထွန်းပြီး လုပ်ထားတယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲဒါက သောက်ရေကန်လည်းဖြစ်နေတယ်။ ညဘက်တွေလာရင် ထိုင်ကြမယ်။ မုန့်တွေစားကြမယ်။ အမှိုက်တွေစွန့်ပစ်ခဲ့မယ်။ အမှိုက်ပုံးတွေ ဘယ်လောက်ရှိရှိ အမှိုက်တွေက ကန်ထဲကျချင်လည်းကျနိုင်တယ်။ အခုဆိုရင် သမိုင်းဝင်ကန်ကြီးကို ဘတ်ဟိုးတွေနဲ့မြေတွေတူးလိုက်၊ မြေညှိလိုက်နဲ့ သူတို့လုပ်နေတဲ့နေရာမျိုးက အဲဒီသမိုင်းဝင်ကန်တော်ကြီးနဲ့ ဘယ်လိုမှမသင့်တော်ဘူး”ဟု မင်းပြားဒေသခံ ဦးစံရွှေမောင်က ပြောသည်။
မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက အဆိုပါရေကန် သန့်ရှင်းစေရေး၊ အမှိုက်ကင်းမဲ့ဇုန်၊ အသောက်အစားကင်းမဲ့ဇုန်အဖြစ်နှင့် သက်ကြီးရွယ်အိုများ လမ်းထွက်လျှောက်ကာ အပန်းဖြေ၍ရစေရန်အတွက်သာ ပြုပြင်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မတ်လ ၂၆ ရက်နေ့က မင်းကန်ပြုပြင်ရေးအခမ်းအနားဖွင့်ပွဲတွင် ပြောဆိုခဲ့သည်။
“ဒီနေရာကမြက်တွေထူတော့ မလုပ်သင့်၊ မမြင်သင့်မမြင်အပ်တဲ့ လုပ်ရပ်တွေကို ဒီမြက်တွေဖုံးကွယ်ဒါကို အခွင့်ကောင်းယူပြီး လာလုပ်ကြတာရှိတယ်။ ကျနော်တို့က ဒီမင်းကန်ကို အမှိုက်ကင်းမဲ့ဇုန်၊ အသောက်အစားကင်းမဲ့ဇုန်အဖြစ်ထားရှိပြီးမှ သန့်ရှင်းသပ်ရပ်တဲ့ ဇုန်တစ်ခုအဖြစ်ထားမှာပါ။ အပန်းဖြေစခန်းလိုမျိုးတော့ မလုပ်ဘူး။ သက်ကြီးရွယ်အိုတွေ လမ်းထွက်လျှောက်တဲ့အခါ မင်းကန်ရဲ့သန့်ရှင်းလတ်ဆတ်တဲ့ လေကိုရှူရှိုက်ပြီး မင်းကန်ရဲ့လိုအပ်ချက်တွေ၊ ထိန်းထိမ်းရမယ့်ဟာတွေကို မြင်လာကြမယ်”ဟု ဦးမျိုးစိုးမိုးက ပြောဆိုသည်။
အဆိုပါ မင်းကန်ကြီးကို အစိုးရ၏ဘတ်ဂျက်ငွေမပါဘဲ ဌာနဆိုင်ရာ၏ငွေဖြင့် စုစုပေါင်းကျပ်ငွေသိန်း (၂၀၀)ခန့်အကုန်ကျခံပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ကန်ဘောင်တွင် ဈေးဆိုင်များရောင်းချလာပါက သေချာကြပ်မတ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးကက ဆက်ပြောသည်။
“ကျနော်တို့မှာ ဒီဟာတွေလုပ်ဖို့အတွက် အစိုးရကဘတ်ဂျက်ငွေ ချပေးထားတာ လုံးဝမရှိပါဘူး။ ကျနော်တို့ဘာသာပဲလုပ်တာပါ။ ဒီကန်ကိုပြုပြင်ဖို့အတွက် ပွင့်လင်းရာသီရောက်တဲ့အထိစောင့်လာပြီးမှ လုပ်တာပါ။ မြက်တွေ အကုန်အရင်ရှင်းမယ်။ ကန်ဘောင်တွေကို ရေရှည်တည်တံ့အောင်ပြုလုပ်မယ်။ လမ်းလျှောက်ပြီး ထိုင်လို့ရအောင်ခုံတွေထားမယ်”ဟု ဦးမျိုးစိုးမိုးက ရှင်းပြသည်။
မင်းပြားလူငယ်များအစည်းအရုံး(MBYA)မှ ဒါရိုက်တာ ကိုမင်းနိုင်စိုးက သမိုင်းဝင်နေရာတခုအားပြုပြင်လိုက်ခြင်းဖြင့် နဂိုထက် အနည်းနှင့်အများပြောင်းလဲသွားမည်ဖြစ်သဖြင့် တာဝန်ရှိသူများဘက်မှ ပိုကောင်းမွန်အောင်သာ လုပ်ဆောင်ပေးစေလိုကြောင်း ပြောသည်။
“မြို့ခံတွေက သမိုင်းဝင်ကန်ကြီးကို ဒီတိုင်းထားချင်ကြပေမယ့် တာဝန်ရှိသူတွေကလုပ်နေတော့ ကျနော်တို့ လူငယ်အဖွဲ့အစည်းအနေနဲ့လည်း ဘာမှမပြောနိုင်ဘဲ ကိုယ်တတ်နိုင်တဲ့ဘက်ကပဲ ဝိုင်းလုပ်ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လုပ်တဲ့သူတွေကလုပ်ထားပြီပြီဆိုတော့ ဒီထက်မပျက်စီးအောင်ထိန်းသိမ်းဖို့ မျှော်လင့်ပါတယ်”ဟု ကိုမင်းနိုင်စိုးကပြောသည်။