မင်းပြားက မိုင်းထိလူနာ အရေးပေါ်ဆေးကုသမှုခံယူနေရ

မင်းပြားမြို့နယ်၊ ဖုန်သာချောင်းအုပ်စု၊ အထက်ခချီးမြောင်ရွာမှ အမျိုးသားတစ်ဦး ယမန်နေ့( ဇူလိုင်လ ၃ ရက်နေ့)က မိုင်းနင်းမိ၍ ညာခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ဒဏ်ရာအများအပြားရရှိခဲ့သဖြင့် မင်းပြားဆေးရုံကြီး တွင် အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

04 Jul 2022

အရေးပေါ်ဆေးကုသမှုခံယူနေရသည့် မိုင်းထိလူနာ မောင်လှထွန်းအားတွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

DMG ၊ ဇူလိုင် ၄

မင်းပြားမြို့နယ်၊ ဖုန်သာချောင်းအုပ်စု၊ အထက်ခချီးမြောင်ရွာမှ အမျိုးသားတစ်ဦး ယမန်နေ့( ဇူလိုင်လ ၃ ရက်နေ့)က မိုင်းနင်းမိ၍ ညာခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ဒဏ်ရာအများအပြားရရှိခဲ့သဖြင့် မင်းပြားဆေးရုံကြီး တွင် အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

အသက် ၂၅ နှစ်အရွယ် မောင်လှထွန်းသည် ကျေးရွာအနီးရှိ တောင်တန်းပေါ်သို့ ဆွေမျိုးတစ်ဦးနှင့်အတူ ဝါးခုတ် ရန်သွားကြစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူ ဦးမောင်ဝင်းက ပြောသည်။

"သူနဲ့ကျနော်ကရှေ့ဆင့်နောက်ဆင့်သွားနေကြတာ။သူကအရှေ့ကသွားနေတုန်းမှာပဲ မိုင်းကထပေါက်တာ။ ညာဖက်ခြေထောက်တဖက်က ဒူးဆစ်နားလောက်ကနေပိုင်းသွားတယ်။တခြားနေရာတွေမှာလည်း ဒဏ်ရာ ရသွားတယ်" ဟု ၎င်းက ဆိုသည်။

ထို့နောက် ဒဏ်ရာပြင်းထန်သောကြောင့် မင်းပြားပြည်သူ့ဆေးရုံကြီးသို့ချက်ချင်းပို့ဆောင်ကာ အရေးပေါ်ကုသ မှုခံယူနေရကြောင်းလည်း မိသားစုဝင်များကပြောသည်။

မင်းပြားမြို့သွေးအလှူရှင်အသင်းဥက္ကဌ ဦးကျော်ဝင်းစိုးက " ကျနော်တို့ကို ညဉ့်၁၀နာရီလောက်မှာအရေးပေါ် သွေးလိုအပ်နေတယ်ဆိုပြီးဖုန်းဆက်လာတဲ့အတွက်ကျနော်တို့လိုက်သွားတယ်။ကျနော်တို့အဖွဲ့ကနေ အရေးပေါ်သွေး ၂ပုလင်းနဲ့လူနာမိသားစုဆီက သွေး၃ပုလင်းသွင်းလိုက်ရတယ်။ ကျနော်တို့ရောက်သွားတဲ့ အချိန်ကနေ ပြန်လာတဲ့အချိန်ထိ လူနာက ခွဲစိပ်ခန်းဝင်နေရတယ်။ဒဏ်ရာကတော့များတယ်လို့ပြောတယ် " ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှ အသက် ( ၄၀)အရွယ်အမျိုး သားတစ်ဦးမှာ နွားရှာသွားစဉ်မိုင်းနင်းမိသဖြင့် ခြေထောက်တဖက်ပြတ်ကာဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့် နေသော်လည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိသူ  ပိုမိုများလာနေသည်။

၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှ ယခု ဇူလိုင်လ ၄ ရက်နေ့အထိ မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံး သူ ၆ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၈ ဦးရှိကြောင်း အချက်အလက်များပြုစုထားသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ထံက သိရသည်။