မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် မြေပုံ-မင်းပြားကားလမ်းကို မြန်မာစစ်တပ်က ပိတ်ထား

မြေပုံမြို့အထွက်ဂိတ်အနီးရှိ နတလရုံးရှေ့တွင် ယနေ့(စက်တင်ဘာလ ၇ ရက်) မွန်းလွဲပိုင်းက ဗုံး (သို့မဟုတ်) မိုင်းပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် မြေပုံ-မင်းပြားကားလမ်းကို မြန်မာစစ်တပ်က ပိတ်ထားလိုက်သည်ဟု သိရသည်။

07 Sep 2022

DMG ၊ စက်တင်ဘာ ၇

မြေပုံမြို့အထွက်ဂိတ်အနီးရှိ နတလရုံးရှေ့တွင် ယနေ့(စက်တင်ဘာလ ၇ ရက်) မွန်းလွဲပိုင်းက ဗုံး (သို့မဟုတ်) မိုင်းပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် မြေပုံ-မင်းပြားကားလမ်းကို မြန်မာစစ်တပ်က ပိတ်ထားလိုက်သည်ဟု သိရသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နတလရုံးတွင်ရှိနေသော မြန်မာစစ်တပ်က ဂိတ်သို့ရောက်ရှိလာကာ ကားလမ်းမကို ပိတ် ထားလိုက်ခြင်းဟု မြေပုံမြို့မှ ရပ်မိရပ်ဖတစ်ဦးက DMG ကိုပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီး ချက်ချင်းမှာပဲ အခင်းဖြစ်တဲ့နေရာကနေ သေနတ်ပစ်ခတ်သံတွေကြားရတယ်။ မြို့ခံတွေလည်းကြောက်ပြီး ဘယ်မှမသွားရဲကြတော့ဘူး။ အခုဖြစ်တဲ့နေရာက မြေပုံကနေ မင်းပြားဘက်ကိုသွားတဲ့ ထွက်ဝဂိတ်ဆိုတော့ ဂိတ်ကိုပိတ်ထားတယ်။ မြေပုံနဲ့မင်းပြားကိုသွားတဲ့လမ်းကို ပိတ်ထားတယ်”ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အနီးရှိ နတလရုံးသို့ မြန်မာစစ်တပ်က မကြာခဏဝင်ရောက်လေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။ ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း မြေပုံမြို့ ကံသာဝရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"ကံသာဝမှာရှိတဲ့စခန်းကနေပြီး လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာ လေးချက်ရှိပြီ။ ဘယ်ကိုပစ်လို့ပစ်မှန်းလည်း မသိဘူး။ ဘယ်နေရာကို ကျမှန်းလည်းမသိဘူး။ ရမ်းပစ်နေတယ်၊ လေယာဉ်တွေလည်း ဝဲနေတယ်။ ဒါကြောင့် ကျနော်တို့လည်း ကြောက်ပြီးပြေးနေရတယ်"ဟု ၎င်းကပြောသည်။

မြေပုံမြို့နယ်တွင် ပြီးခဲ့သည့်ဧပြီလ ၁၃ ရက်နေ့ကလည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကို ဆက်သွယ်နေဆဲဖြစ်သည်။