- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တော-အလယ်သံကျော်လမ်းပိုင်း ဆိုးဝါးစွာပျက်စီးနေ၍ ကားသမားများအခက်ကြုံ
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-အလယ်သံကျော် လမ်းပိုင်းရှိအချို့နေရာများမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် သွားလာရေးအခက်ကြုံနေရကြောင်း ကားသမားများကပြောသည်။
28 May 2022
DMG ၊ မေ ၂၈
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-အလယ်သံကျော် လမ်းပိုင်းရှိအချို့နေရာများမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် သွားလာရေးအခက်ကြုံနေရကြောင်း ကားသမားများကပြောသည်။
အဆိုပါလမ်းပိုင်းရှိ ခရေမြိုင်ကျေးရွာအနီးမှ ပေ ၅၀၀ ခန့်မှာ ဆိုးဝါးစွာပျက်စီးနေပြီး ကားဘီးများကျွံကျကာ အန္တရာယ်ရှိနေသည်ဟု မောင်တော-အလယ်သံကျော်-အငူမော်သို့ ကုန်တင်ယာဉ်မောင်းနေသူတစ်ဦးက DMG သို့ ပြောသည်။
“နွံနစ်တွေက ကားဘီးကိုဆွဲထားသလိုဖြစ်နေပါတယ်။ နောက်တစ်ခေါက်သွားရမှာကို ကျနော်တို့ ကြောက်နေပါသေးတယ်”ဟု ၎င်းယာဉ်မောင်းကပြောသည်။
ယမန်နေ့ကလည်း ကုန်ကားအစီးရေ ၃၀ ခန့် အဆိုပါလမ်းတွင်နွံနစ်ကာ ယာဉ်မောင်းများ အချိန်ကုန်၊ လူပင်ပန်းခဲ့ရသေးသည်ဟု နောက်ထပ်ယာဉ်မောင်းတစ်ဦးကဆိုသည်။
“ကျနော်တို့ မနေ့ကအဲဒီနားကို နေ့လည် ၁၁ နာရီမထိုးခင်ကနေရောက်တာ။ ည ၉ နာရီခွဲမှဘဲ ကျနော်တို့ ဖြတ်ရတယ်။ ကုန်ကားတွေဆိုတော့ အခန့်မသင့်ရင် မှောက်သွားနိုင်တယ်။ ဖြတ်ရတဲ့နေရာကိုရောက်ရင် ကားသမားတိုင်းက စိတ်ဓာတ်ကျကြပါတယ်”ဟု ၎င်းကပြောသည်။
ခရီးသည်တင်ကားများမှာလည်း လမ်းပျက်စီးနေ၍ အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်းမှ သွားလာကြရာတွင် ရွာလမ်းပျက်စီးသည်ဟုဆိုကာ ဝင်ခွင့်မပေးတော့သဖြင့် ပျက်စီးနေသည့်လမ်းမှ သွားလာနေကြရသည်ဟု သိရသည်။
“ကျနော်တို့က လမ်းအနီးက ရွာထဲဝင်ပြီးသွားတာကို ကုန်ကားသမားတွေကလိုက်ဝင်တော့ ရွာကလူတွေလည်း ရွာဝင်ဝကနေ ဝါးလုံးတားထားတယ်”ဟု ခရီးသည်တင်ကားမှ ယာဉ်မောင်းတစ်ဦးကပြောသည်။
မောင်တောမှ စစ်တွေသို့သွားရန် အဓိကလမ်းမှာ ယခုကဲ့သို့ ဆိုးဝါးစွာပျက်စီးနေသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် ယာဉ်မောင်းများက တောင်းဆိုကြသည်။
လတ်တလောသွားလာရေး အဆင်ပြေစေရန်အတွက် နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်သည့် မောင်တော-သုံးမိုင်-အငူမော်လမ်းမှ သွားလာခွင့်ရရှိရန်လည်း ယာဉ်မောင်းများကလိုလားနေကြသည်။ အဆိုပါလမ်းတွင် တံတားတစ်စင်းဆောက်လုပ်နေသဖြင့် လမ်းပိတ်ထားကြောင်း သိရသည်။
မောင်တော-အလယ်သံကျော်လမ်းပိုင်း ပျက်စီးနေမှုနှင့်ပတ်သက်ပြီး မောင်တောမြို့နယ် လမ်းတံတားဦးစီးဌာန တာဝန်ရှိသူတို့ထံ DMG က ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။ မောင်တော-အလယ်သံကျော်လမ်းပိုင်းမှာ ကျောက်ကြမ်းလမ်းဖြစ်ပြီး ၁၃ မိုင်ကျော်ရှည်လျားကြောင်း သိရသည်။