နယ်စပ်ကုန်သွယ်ရေးစခန်းကို ဆက်လက်ပိတ်ထားပါက စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုများလာနိုင်ကြောင်းပြော

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်မဖွင့်လှစ်ဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ရေရှည်တွင် စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုများရှိလာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက ပြောဆိုသည်။

13 Sep 2021

DMG ၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်မဖွင့်လှစ်ဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ရေရှည်တွင် စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုများရှိလာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက ပြောဆိုသည်။

လက်ရှိတွင် ကိုဗစ်ကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီပိတ်ထားသဖြင့် စီးပွားရေးများ၊ လုပ်ငန်းရှင်များအတွက် ထိခိုက်မှုများရှိနေသည့်အပြင် ယင်းလုပ်ငန်းတိုက်ရိုက်အမှီပြုနေကြသူများဖြစ်သူ အလုပ်သမားများမှာလည်း စားဝတ်နေရေးမှာ အခက်အခဲများကြုံတွေ့နေရကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းကပြောသည်။

"ကုန်သွယ်ရေးစီးဆင်းမှုဆိုတာက အားလုံးနဲ့သက်ဆိုင်တာပေါ့။ တစ်နေရာမှာ ကုန်သွယ်မှုကိုထိခိုက်တာနဲ့ တစ်ခြားနေရာတွေမှလည်း ဒီအကျိုးဆက်ဖြစ်တာပဲ။ လက်ရှိအချိန်မှာ အခက်အခဲ့ဖြစ်တာရှိတယ်။ ဒါပေမယ့် ရေရှည်မှာဆိုတော့ ပိုပြီးအခက်အခဲဖြစ်လာနိုင်တယ်"ဟု ဦးအောင်မြင့်သိန်းကပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ကိုဗစ်ဒုတိယလှိုင်းတွင်လည်း ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှ စတင်ကုန်သွယ်မှုပြုခဲ့ပြီး ၂ လကျော်အကြာ ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကိုဗစ်တတိယလှိုင်းကြောင့် ယာယီပိတ်ထားခဲ့ရခြင်းလည်းဖြစ်သည်။

အဆိုပါ နယ်စပ်ကုန်သွယ်မှုတွင် ကုန်တင်ကုန်ချအလုပ်သမား ၁၃၀ ကျော်ရှိပြီး လက်ရှိတွင် ယာယီပိတ်သိမ်းထားသဖြင့် ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးအခက်အခဲဖြစ်နေရကြောင်းသိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ကောင်စီမှ ပြည်ထောင်စုထံသို့ တင်ပြထားပြီး ယင်းမှခွင့်ပြုချက်ရမှသာ ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်မယ့်အစီအမံတွေကို ပြည်နယ်အစိုးရနေ ပြည်ထောင်စုသို့တင်ပြထားတယ်လို့သိ ရတယ်။တကယ်လို့ပြန်ဖွင့်မယ်ဆိုရင်လည်း ကိုဗစ်ရောဂါကာကွယ်ရေးလည်းထိန်းချုပ်ပြီးသားဖြစ်အောင် ကုန်သွယ်မှုလည်းစီးဆင်းလို့ရအောင်ဆိုပြီး အဲဒီအစီအစဉ်တွေနဲ့ပြည်ထောင်စုကိုတင်ပြထားတယ်လို့သိရတယ်ဟု ဦးအောင်မြင့်သိန်းကပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးသည် ရခိုင်ပြည်အတွက် အရေးပါသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး ယင်းကုန်သွယ်ရေးမှ ပျဉ်းမျှအားဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါကုန်သွယ်ရေးခစန်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် (၁၀)လကျော်ကြာ ယာယီပိတ်ထားခဲ့ရသည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်လောက် ဆုံးရှုံးမှုရှိခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်းမှ သိရသည်။

ရခိုင်ပြည်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေးရှ့်နိုင်ငံသို့ ကြက်သွန်နီ၊ ဂျင်းစိမ်း၊ ငါးမြစ်ချင်းများကို အဓိကတင်ပို့နေပြီး အခြားအိမ်အသုံးအဆောင်ပစ္စည်းများကိုပါ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။