ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ အရပ်သားသုံးဦးဒဏ်ရာရ 

စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ဧပြီလ ၂၅ ရက် ညအချိန်ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ 

By Admin 26 Apr 2024

ပေါက်တောမြို့အဝင်လမ်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
ပေါက်တောမြို့အဝင်လမ်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။

DMG ၊ ဧပြီ ၂၆

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည် ပေါက်တောမြို့နယ်ရှိ တောင်ဦးမော်နှင့် အနောက်ရဲကျေးရွာမှ အရပ်သားပြည်သူသုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ တောင်ဦးမော်ကျေးရွာမှ အသက် (၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၅)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် အနောက်ရဲကျေးရွာ အသက် (၄၀) အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦး တို့ ဖြစ်သည်။ 

စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ဧပြီလ ၂၅ ရက် ညအချိန်ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ 

တောင်ဦးမောင်ကျေးရွာမှ ဒေသခံတစ်ဦးက “လူငယ်နှစ်ယောက်က လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာ။ ဒဏ်ရာကတော့ နည်းနည်းပြင်းတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟု ပြောသည်။ 

ပေါက်တောမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။  

ပြီးခဲ့သည့် မတ်လ ၁၇ ရက်က စစ်တွေမြို့နယ်၊ ပါဒလိပ်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၄၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၄ ဦး သေဆုံးခဲ့သည်။ 

“စစ်တွေကနေ ပေါက်တောနယ်ဘက်ကို လက်နက်ကြီးတွေနဲ့ မကြခဏပစ်ခတ်နေတယ်။ ရွှေမင်းဂံဘက်က အများပစ်တယ်။ ဒါကြောင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေဆို အခုထိမနေရဲကြသေးဘူး” ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

AA သိမ်ပိုက်သည့် မြို့နယ်များကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းဗုံးမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အရပ်သားပြည်သူ ထိခိုုက်သေဆုံးမှုများ အများအပြားရှိသည်။ 

ဗီဒီယိုများ