ကျောက်တော်တွင် စစ်ဘေးရှောင်စခန်းမီးလောင်မှုဖြစ်ပွား၊ အိမ် ၂၆၀ ကျော် ဆုံးရှုံး

ကျောက်တော်မြို့၊ မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့(မေလ ၉ ရက်)နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အိမ်ခြေ ၂၆၂ ဆောင် မီးလောင်ဆုံးရှုံးသွားသည်။

09 May 2022

မီးလောင်ပျက်စီးသွားသည့် မဟာမုနိစစ်ဘေးရှောင်စခန်း (ဓာတ်ပုံ-ကျော်လှမြင့်)

DMG ၊ မေလ ၉

ကျောက်တော်မြို့၊ မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့(မေလ ၉ ရက်)နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အိမ်ခြေ ၂၆၂ ဆောင် မီးလောင်ဆုံးရှုံးသွားသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ် ၄၃၂ ရှိသည့်အနက် ထက်ဝက်ကျော်ခန့် မီးလောင်ဆုံးရှုံးသွားခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် လူထိခိုက်၊သေဆုံးမှုမရှိခဲ့ပေ။

“နေရာချပေးမယ့်ဟာကတော့ လော‌လောဆယ်စုပြီးနေကြရမှာပါ။ လက်ရှိတော့ ရထားဘူတာကို ရုံးလုပ်ထားတာဆိုတော့ အဲဒီနားမှာပဲ ထိုင်လို့နေသူနေ၊ ထမင်းချက်ဖို့ ဝင်ပြီးကူတဲ့လူကကူ အဲလိုနေနေကြပါတယ်“ဟု မဟာမုနိစစ်ရှောင်စခန်း ဆရာတော်က DMG ကိုပြောသည်။

မီးလောင်ရခြင်းမှာ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းကာ ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မီးလောင်ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် အရေးပေါ်အကူအညီများလိုအပ်ကြောင်း စစ်ဘေးရှောင် များကဆိုကြသည်။

“အိမ်မဲ့ယာမဲ့လိုဖြစ်နေရပါတယ်။ နေစရာနေရာဆိုရင်လည်း ကျောင်းမှာခိုလှုံပြီးပဲနေရပါတယ်။ ရထားဘူတာအဆောင်မှာ နေကြရပါတယ်။ စားဝတ်နေရေးကတော့ ဒီမနက်တစ်မွန်းတည်းကို တစ်ချို့လူတွေက အဆင်ပြေပြေလုပ်ပေးနေကြပါတယ်။ အိမ်မဲ့ယာမဲ့ဖြစ်သွားကြတဲ့အတွက် အကူအညီတွေ အများကြီးလိုအပ်နေပါတယ်။ နေစရာထိုင်စရာတွေလည်းမရှိပါ အခုက။ အဆင်မပြေမှုတွေ အများကြီးဖြစ်နေကြပါတယ်“ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မီးလောင်ပျက်စီးမှုကြောင့် ခန့်မှန်းဆုံးရှုံးနိုင်ခြေတန်ဖိုးကို တွက်ချက်နေသောကြောင့် အတိအကျမပြောနိုင်သေးဟု စခန်းတာဝန်ရှိသူများကပြောသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေစုစုပေါင်းတစ်ထောင်ကျော်ခန့် ခိုလှုံနေကြသည်။ ၎င်းတို့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခပြင်းထန်ချိန်ကာလက ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။