- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားမြို့နယ် ပန်းမြောင်းဆိပ်ကမ်းတွင် ခရီးသည်တင်စက်လှေများကို မြန်မာစစ်တပ်ကစစ်ဆေး
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာကူတိုးဆိပ်ကမ်းတွင် မြန်မာစစ်တပ်မှနေရာယူကာ လေးမြို့မြစ်အတွင်းသွားလာနေသည့် ခရီးသည်တင်စက်လှေများကို ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်း သိရသည်။
29 Apr 2022
DMG ၊ ဧပြီ ၃၀
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာကူတိုးဆိပ်ကမ်းတွင် မြန်မာစစ်တပ်မှနေရာယူကာ လေးမြို့မြစ်အတွင်းသွားလာနေသည့် ခရီးသည်တင်စက်လှေများကို ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်း သိရသည်။
ပန်းမြောင်းကျေးရွာအလယ်ရှိ အောင်မင်္ဂလာတောင်၌ တပ်စွဲထားသည့် စစ်တပ်မှအင်အား(၃၀)ကျော်ခန့်သည် ယမန်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်ကစတင်ကာ ကူတိုးဆိပ်ကမ်းသို့လာရောက်၍ စစ်ဆေးနေခြင်းဟု ဒေသခံ ဦးငလုံးချေကပြောသည်။
"အရင်တုန်းကတော့ အခုလိုမျိုးစစ်ဆေးတာတွေမရှိဘူး။ ပုံမှန်တိုင်းအေးဆေးပါပဲ။ ဒါပေမဲ့ မနေ့ကစပြီး စက်လှေ၊ဘုတ်အသွားအလာတွေကို ခေါ်စစ်ဆေးတယ်လို့သိရတယ်။ ဘာကြောင့်စစ်ဆေးသလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျမသိသေးဘူး"ဟု ၎င်းကပြောသည်။
အဆိုပါစစ်သားများမှာ လေးမြို့ချောင်းအထက်ပိုင်းမှ ပြန်ဆင်းလာသည့်စက်လှေများကိုသာ ဆင်းခွင့်ပြုပြီး အထက်သို့တက်သည့်စက်လှေများ၊ ကျောက်ဘုတ်၊ သဲဘုတ်များကိုမူ တက်ခွင့်မပေးဘဲပြန်လွှတ်နေကြောင်းလည်း သိရသည်။
"စက်လှေတွေလာရင် အလံအနီထောင်ပြတယ်။ ပုလွေမှုတ်ပြီး ကူတိုးဆိပ်ကမ်းကိုကပ်ခိုင်းတယ်။ ဘယ်သွားတာလဲ၊ ဘာလုပ်ဖို့သွားတာလဲဆိုပြီးမေးတယ်။ အထက်ပိုင်းကိုသွားတဲ့သူတွေဆိုရင် ဒီရက်ပိုင်း သွားလို့မရသေးဘူးဆိုပြီးပြန်လွှတ်လိုက်တယ်။
မြို့ကိုသွားတဲ့ခရီးသည်တွေကိုတော့ စစ်ဆေးတာမျိုးတော့ လောလောဆယ်မရှိသေးဘူး။ ဒါပေမဲ့သူတို့တွေရှိနေတော့ ကျမတို့ နေရထိုင်ရကျဉ်းကျပ်တာပေါ့။ ကိုယ့်ကိစ္စနဲ့ကိုယ် ဖုန်းပြောစရာရှိရင်လည်း သူတို့တွေအနားမှာရှိနေတော့ မပြောရဲဘူး။ သူတို့တွေအထင်မြင်လွဲသွားမှာကိုလည်း ကြောက်ရတယ်"ဟု ပန်းမြောင်းကျေးရွာမှ ကူတိုးပိုင်ရှင်ဒေါ်မကျော့နုကဆိုသည်။
မည်သည့်အကြောင်းအရင်းများကြောင့် ထိုသို့စစ်ဆေးနေသည်ကို မသိရသော်လည်း ခရီးသည်များအနေဖြင့် စိုးရိမ်စိတ်များဖြစ်နေကြောင်း အမည်မဖော်လိုသည့် ခရီးသည်တစ်ဦးကပြောသည်။
"မြောက်ဦးဖက်ကို အသွားအလာလုပ်နေတဲ့ ခရီးသည်တွေကိုတော့ စစ်ဆေးမေးမြန်းတာမျိုးမရှိပါဘူး။ ဒါပေမဲ့ လူအသွားအလာများတဲ့နေရာမျိုးမှာ သူတို့တွေရှိနေတော့ စိတ်ကအလိုလိုစိုးရိမ်လာတယ်။ ငါ့ကိုများခေါ်ပြီး စစ်ဆေးတော့မလားမသိဘူးဆိုပြီး ကြောက်နေရတယ်" ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ အကြောင်းရင်းကိုသိရှိနိုင်ရန် ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။ ထို့ပြင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။
ပန်းမြောင်းကျေးရွာအတွင်းရှိ အောင်မင်္ဂလာစေတီတောင်ပေါ်တွင် မြန်မာစစ်တပ်က ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကပင် နေရာယူကာ တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။