- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားမြို့နယ်တွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံး
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ သဗို့ဇာဖက်တွင် ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းက မိုင်းပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
15 May 2022
DMG ၊ မေ ၁၅
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ သဗို့ဇာဖက်တွင် ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းက မိုင်းပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
သေဆုံးသူမှာ ပန်းမြောင်းကျေးရွာ၊ စာသင်ကျောင်းရပ်ကွက်နေ ဦးအောင်သာထွန်း အသက်(၆၈)နှစ်ဖြစ်သည်။ ၎င်းမှာ ပန်းမြောင်းကျေးရွာနှင့် (၄)မိုင်ခန့်ဝေးသည့် သဗို့ဇာဖက်သို့သွားရာမှ မိုင်းကိုတက်နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးကပြောသည်။
မိုင်းထိမှန်သူအား သွားရောက်ယူဆောင်ခဲ့သည့် ပန်းမြောင်းဒေသခံ ကိုမောင်မောင်လှက "မိုင်းထိမှန်ပြီး ဒဏ်ရာရသွားတယ်ဆိုပြီးသတင်းကြားလို့ လူနာကိုသယ်ဖို့သွားကြတာ။ ဒါပေမဲ့ ကျနော်တို့ရောက်သွားတော့ လူနာက အပင်အောက်မှာသေနေပြီ"ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးအောင်သာထွန်းတွင် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားသည့်အပြင် ခန္ဓာကိုယ်နှင့်လက်များတွင်လည်း ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
"တိုက်ပွဲရဲ့အကျိုးဆက်တွေကြောင့်ဖြစ်ရတာ အရမ်းစိတ်နာတယ်။ ကျမအဖေလိုမျိုး နောက်ထပ် ဘယ်သူ့ကိုမှထပ်မဖြစ်စေချင်တော့ဘူး"ဟု သေဆုံးသူဦးအောင်သာထွန်း၏ သမီး မညိုညိုက DMG သို့ပြောသည်။
ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သဗို့ဇာဖက်တွင် ပြီးခဲ့ဧပြီလအတွင်းကလည်း မိုင်းပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင်း သစ်ခုတ်ဝါးခုတ်သွားသူများမှာ စိုးရိမ်ကြောက်ရွံ့ကာပြန်လာခဲ့ရသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ယမန်နေ့(မေလ ၁၄ ရက်)ကလည်း အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာအနီးရှိ သီဟိုဋ်စိုက်ခင်းတွင် သီဟိုဋ်စေ့သွားကောက်ရာ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ အသက် ၃၀ ကျော်အရွယ် ဦးသန်းမင်းနိုင် သေဆုံးသွားခဲ့သည်။
လက်ရှိတွင် စစ်ရေးတည်ငြိမ်နေသော်လည်း စစ်ကျန်လက်နက်မိုင်းများ မကြာခဏပေါက်ကွဲမှုရှိနေသည့်အတွက် ဒေသခံများအနေဖြင့် သတိထားသွားလာရန်လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။
"တိုက်ပွဲတွေငြိမ်လာတာနဲ့အမျှ ဒေသခံတွေကလည်း မိုင်းအန္တရာယ်ကြောက်ရွံ့မှုတွေ နည်းလာကြပြီးတော့ ရွာနဲ့ဝေးတဲ့နေရာတွေကို အလုပ်သွားရောက်လုပ်ကိုင်လာကြတယ်။ အမှန်ဆိုရင် တိုက်ပွဲမရှိလဲ စစ်ကျန်လက်နက်တွေကအမြဲရှိနေတာ"ဟု ၎င်းကဆိုသည်။
ဆက်လက်ပြီး ဦးဇော်ဇော်ထွန်းက "စစ်ကောင်စီဖက်ကလည်း မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်တဲ့အခါ မိုင်းရှင်းပေးပါတယ်ဆိုရုံလောက်နဲ့တော့ မရဘူး။ တိုက်ပွဲဖြစ်ဖူးခဲ့တဲ့နေရာတွေ၊ တပ်စခန်းချခဲ့တဲ့နေရာတွေကိုပါ ထိထိရောက်ရောက်ရှင်းလင်းပေးပြီး ဒီနေရာကတော့ မိုင်းရှင်းလင်းပြီးပြီ၊ သွားလာလုပ်ကိုင်လို့ရပြီဆိုပြီး အာမခံချက်တွေပေးနိုင်တဲ့အထိ ရှင်းလင်းပေးသင့်တယ်"ဟု တိုက်တွန်းပြောဆိုသည်။
(REC)အနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသများရှိ ကျေးရွာများသို့သွားရောက်ကာ ဒေသခံပြည်သူများအား မိုင်းအန္တရာယ်အသိပညာပေးမှုများကို လုပ်ဆောင်ပေးခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ငန်းအခက်အခဲအချို့ကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှစ၍ နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူများမှာ တိုးလာနေသည်။
REC မှကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၅၅)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၃၁)ဦးထိရှိကြောင်း သိရသည်။