၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် အချိန် ၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်ကို ယနေ့(ဒီဇင်ဘာလ ၅ ရက်)မှစတင်ပြီး အသွားခရီးစဉ်တစ်ခုအဖြစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

By Admin 05 Dec 2022

၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ

မော်လမြိုင် လေဆိပ်ကိုတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၅

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် အချိန် ၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်ကို ယနေ့(ဒီဇင်ဘာလ ၅ ရက်)မှစတင်ပြီး အသွားခရီးစဉ်တစ်ခုအဖြစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ PyanThan ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တစ်ဦးက “လေယာဉ်အမျိုးအစား ATR72 နဲ့ လောလောဆယ် Economy Class တစ်မျိုးပဲရပါမယ်။ MNA လေယာဉ်ခရီးစဉ်အမှတ် UB-396 က မော်လမြိုင်မှ ရန်ကုန် တိုက်ရိုက်ခရီးစဉ်ဖြစ်ပါတယ်"ဟု ပြောသည်။

မော်လမြိုင်လေဆိပ်မှ နေ့လည် ၂ နာရီ ၅၀ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ နေ့လည် ၃ နာရီ ၂ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ အသွားခရီးစဉ်တစ်ခုအနေနှင့်သာ ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုသို့ လေယာဉ်များပြေးဆွဲနိုင်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက မော်လမြိုင်လေဆိပ် လေယာဉ်ပြေးလမ်းမများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ATR72 အမျိုးအစား လေယာဉ်များသာ ဆင်းသက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“ခရီးစဉ်မဆွဲခင် တစ်ပတ်လောက်ထဲက ပြေးလမ်းတွေကို ပြန်ပြီးပြင်ဆင်ထားပါတယ်။ ပြေးလမ်းတွေကို ကွန်ကရစ်တွေနဲ့ ထပ်ပိုးခင်းလုပ်ထားပါတယ်။ လောလောဆယ် ATR72 အမျိုးအစား လေယာဉ်တွေပဲ ဆင်းသက်လို့ရမယ်”ဟု မော်လမြိုင်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မော်လမြိုင်-ရန်ကုန် အသွားခရီးစဉ်ကို Bunnise Class အဖြစ် လေယာဉ်လက်မှတ်ခ (၁၄၇၀၀၀ )ကျပ် သတ်မှတ်ထားပြီး အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ လေယာဉ်ခရီးစဉ်ပြေးဆွဲမှုလာမှုအပါ် ဒေသခံများက လက်ခံကြသော်လည်း လက်မှတ်စျေးနှုန်းကြီးမြင့်နေသည့်အတွက် လျော့ချပေးစေလိုကြောင်း မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။

“အခုလို လေယာဉ်ပြန်ပြေးဆွဲတာ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုကို လျော့ချဖို့ ပြန်လည်ဆောင်ရွက်တာ ဖြစ်နိုင်ပါတယ်။ လက်မှတ်စျေးကတော့ အရမ်းများတယ်။ သာမန် လူတန်းစားတွေအတွက်တော့ အဆင်မပြေဘူး။ နှုန်းထားတွေကို သက်သာအောင်အထိ ချပေးသင့်တယ်”ဟု ၄င်းကာဆိုသည်။

ယင်းအပြင် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းအသွား ခရီးစဉ်အပြင် ရန်ကုန်-ကော့သောင်း-မော်လမြိုင် အပြန်ခရီးစဉ်ကိုလည်း ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်မှုများရှိနေကြောင်းလည်း သိရသည်။