- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် လက်နက်ကြီးပေါက်ကွဲသံနှင့်အတူ လက်နက်ငယ်ပစ်ခတ်သံများဖြင့် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
24 Jul 2022
DMG ၊ ဇူလိုင် ၂၄
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် လက်နက်ကြီးပေါက်ကွဲသံနှင့်အတူ လက်နက်ငယ်ပစ်ခတ်သံများဖြင့် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဘောင်သားကျေးရွာအနီးရှိ တောင်တန်းတွင် ယနေ့နံနက် ၁၀ နာရီကျော်အချိန်က လက်နက်ကြီးပေါက်ကွဲသံ ၃ ကြိမ်ကြားရပြီးနောက်တွင် ပစ်ခတ်သံများထွက်ပေါ်ခဲ့ကာ နံနက် ၁၁ နာရီကျော်အချိန်မှရပ်တန့်သွားခဲ့ကြောင်း ပလက်ဝမြို့ဒေသခံတစ်ဦးက DMG သို့ပြောသည်။
“ဒီနေ့နံနက်ပိုင်းက ပေါက်ကွဲသံ ၃ ချက်ကြားရတယ်။ နောက်ပြီးတော့ ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားရတယ်။ တိုက်ပွဲဖြစ်သံကြားတယ်။ တိုက်ပွဲဖြစ်စဉ်အတိအကျ အသေးစိတ်တော့ မသိဘူး။ တစ်နာရီနီးပါးလောက် ပစ်ခတ်သံတွေကြားရတယ်”ဟု ၎င်းကဆိုသည်။
ယနေ့ပစ်ခတ်သံများ ထွက်ပေါ်သည့်နေရာသည် ပလက်ဝမြို့နယ်အနောက်ဘက် ခြောက်မိုင်အကွာရှိ အဘောင်သားကျေးရွာနှင့် ရုပ်ဝကျေးရွာအကြားမှဖြစ်ကြောင်း ဒေသခံများကဆိုသည်။ အဆိုပါနေရာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့ကလည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ် ခဲ့သေးသည်။
ပလက်ဝမြို့မှ နောက်ထပ်ဒေသခံတစ်ဦးက “အရင်တုန်းကတော့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာတွေတော့ရှိတယ်။ ပစ်ခတ်သံကတော့ တစ်နာရီနီးပါးလောက်ကြားရတယ်။ အခုတော့ မကြားရတော့ဘူး။ အရင်တုန်းကတိုက်ပွဲဖြစ်တော့ ဒေသခံတွေထွက်ပြေးရတယ်”ဟု ပြောသည်။
ယနေ့တိုက်ပွဲနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီနေ့ ပလက်ဝမှာ တိုက်ပွဲဖြစ်ပွားမှု ရှိ၊ မရှိကိုတော့ သတင်းမရောက်လာသေးတဲ့အတွက် ကျနော်မသိသေးဘူး”ဟု ဆိုသည်။
ထို့ပြင် ချင်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို DMG မှ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်ဘက်လုံးက စစ်ရေးလှုပ်ရှားမှုများရှိနေကာ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေသည်။