- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရေးတွင် လူနာတင်ကား မိုင်းဆွဲခံရပြီး ၂ ဦးဒဏ်ရာရ
မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အရေးပေါ်လူနာယာဉ်နှစ်စီးသည် မော်လမြိုင်မြို့သို့ လူနာပို့ဆောင်ပြီးအပြန် (စက်တင်ဘာလ ၉ ရက်) နံနက် ၁ နာရီအချိန်ခန့်က မိုင်းဆွဲခံရပြီး ယာဉ်မောင်းနှင့် အသင်းဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
09 Sep 2022
DMG ၊ စက်တင်ဘာ ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အရေးပေါ်လူနာယာဉ်နှစ်စီးသည် မော်လမြိုင်မြို့သို့ လူနာပို့ဆောင်ပြီးအပြန် (စက်တင်ဘာလ ၉ ရက်) နံနက် ၁ နာရီအချိန်ခန့်က မိုင်းဆွဲခံရပြီး ယာဉ်မောင်းနှင့် အသင်းဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းဆွဲခံခဲ့ရသည့်ယာဉ်မှာ ရေးမြို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းဝင်ယာဉ်များဖြစ်သည်။
၎င်းတို့မှာ မော်လမြိုင်မြို့သို့ အရေးပေါ်လူနာပို့ဆောင်ပြီးနောက် ပြန်လာစဉ် သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနေ့ကည ၆ နာရီမှာ ဆိုင်ကယ်အက်ဆီးဒင့်လူနာတစ်ဦးကို မော်လမြိုင်ဆေးရုံကြီး ပို့ဆောင်ခဲ့တယ်။ နောက်ထပ်လူနာတင်ယာဉ်တစ်စီးနဲ့ အလယ်စခန်းက လူနာတစ်ဦးကိုပါ မော်လမြိုင်ကို ပို့ပေးခဲ့ပါတယ်။ အဲဒါပြီးတော့ ရေးကိုပြန်လာတဲ့လမ်းမှာပဲ သံဖြူဇရပ်၊ ပိန္နဲတောရွာအရောက်မှာ မိုင်းဆွဲခံရပါတယ်။ နောက်က ပါလာတဲ့ ကားတစ်စီးထိသွားတယ်။ ကားလည်း တော်တော်လေးကိုပျက်စီးသွားတယ်”ဟု ၎င်းကပြောသည်။
ထိုသို့မိုင်းဆွဲခံရမှုကြောင့် လူနာတင်ယာဉ်မောင်း ကိုနေလင်းဦး(ခ)အဘစ်မှာ ဝဲဘက်မေးရိုးအောက် ဖောက်ဝင်ဒဏ်ရာ၊ ဝဲမျက်ခုံးပြတ်ရှဒဏ်ရာ၊ ရင်ဘက်တွင်မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်နောက်လိုက် ညီလင်းထွန်း(ခ)ဇူးဇူးတွင် သာမန်ဖူးယောင်ဒဏ်ရာရရှိသွားခဲ့ကြောင်း အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်သည့်ယာဉ်မောင်းကို ဆေးကုသမှု ခံယူရန် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း အဆိုပါလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
“ယာဉ်မောင်းကတော့ ဒဏ်ရာပြင်းတဲ့အတွက် မော်လမြိုင် ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ အခြေအနေကတော့ စောင့်ကြည့်နေရတုန်းပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
လူနာတင်ယာဉ်မိုင်းဆွဲခံခဲ့ရသည့်နေရာသည် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၄) KNDO၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားများရှိကြောင်း ဒေသခံများကပြောသည်။
“အဲဒီလူနာတင်ယာဉ် မိုင်းဆွဲခံရတဲ့နေရာက အရင်ကလည်း စစ်တပ်ယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲခံရတယ်။ ပြီးတော့ စစ်တပ်နဲ့ ကေအန်ယူပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေလည်း မကြာခဏဖြစ်တတ်တယ်”ဟု ပိန္နတောကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါလူနာတင်ယာဉ်မိုင်းဆွဲခံရမှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို လတ်တလောတွင် မသိရသေးပေ။
ပြီးခဲ့သည့်မေလအတွင်းကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ လူမှုကူညီရေးလူနာတင်ယာဉ်တစ်စီး ကျိုက်ထိုပြည်သူ့ဆေးရုံသို့ လူနာပို့ဆောင်ပြီးအပြန် လက်ပံကုန်းနေရာအရောက်တွင် ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး ယာဉ်အကူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။