- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မွတ်ဆလင်နှင့် ရခိုင်တို့ကြား ဆယ်စုနှစ်တစ်ခုကြာဖြစ်ပွားနေသည့် သဘောထားတင်းမာမှုများကို အဆုံးသတ်ရန် ရက္ခိုင့်တပ်တော်ကြိုးပမ်းနေ
မွတ်ဆလင်နှင့်ရခိုင်တို့ကြား ဆယ်စုနှစ်တစ်ခုကြာဖြစ်ပွားနေသော သဘောထားတင်းမာမှုများကိုအဆုံးသတ်ရန် ကြိုးပမ်းလျက်ရှိပြီး သဟဇာတဖြစ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပို၍ခိုင်မာလာစေရန် အဓိကထား ဆောင်ရွက်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
11 Jul 2022
DMG ၊ ဇူလိုင် ၁၁
မွတ်ဆလင်နှင့်ရခိုင်တို့ကြား ဆယ်စုနှစ်တစ်ခုကြာဖြစ်ပွားနေသော သဘောထားတင်းမာမှုများကိုအဆုံးသတ်ရန် ကြိုးပမ်းလျက်ရှိပြီး သဟဇာတဖြစ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပို၍ခိုင်မာလာစေရန် အဓိကထား ဆောင်ရွက်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
နှစ်ဖက်အသိုင်းအဝိုင်းကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန်ရည်ရွယ်ပြီး ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးထားသည့် မွတ်ဆလင် ၈ ဦးကိုလည်း ဇူလိုင်လ ၉ ရက်နေ့က လွှတ်ပေးခဲ့ကာ အစ္စလာမ်ဘာသာရေးပွဲတော် “ကုရ်ဘာနီနေ့”အထိမ်းအမှတ်အဖြစ်လည်း မွတ်ဆလင်ကျေးရွာ ၂၂ ရွာမှ ဆင်းရဲနွမ်းပါးသူ (၄၅၀)ခန့်ကို အဝတ် အထည်များ ကူညီပေးခဲ့ကြောင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။
“အခုလို မွတ်ဆလင် ၈ ယောက်ကို ပြန်လွှတ်ပေးတာ၊ နောက် ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေကို အဝတ်အစား တွေ ထောက်ပံ့ပေးတာတဲ့ အဓိကအကြောင်းရင်းက ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပိုပြီးတော့ ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေဖို့အတွက်ရယ်။ နောက် မွတ်ဆလင်တွေရဲ့ ဘာသာရေးအခါကြီးနေ့ရက်တွေမှာ သူတို့မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီးဆုံစည်းနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ်” ဟု သူက ပြောသည်။
ULA /AA သည် ရခိုင်ပြည်နိုင်ငံရေး၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ထိုသို့နှစ်ဖက်အသိုင်း အဝိုင်းကြား သဟဇာတဖြစ်ရေးကို လုပ်ဆောင်နေခြင်းမှာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်းနှင့် ဖမ်းဆီး ထားဆဲဖြစ်သည့် မွတ်ဆလင်များကိုလည်း ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း စစ်တွေတက္ကသိုလ်မှ အမည် မဖော်လိုသည့် မွတ်ဆလင်ကျောင်းသားတစ်ဦးက ပြောသည်။
“ အခု (မွတ်ဆလင်)ဒေသခံတွေကို လွှတ်ပေးတယ်။ အဝတ်အစားတွေလည်း ပေးတယ်ဆိုတာက တကယ် ကောင်းတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်။ တဆက်တည်းမှာပဲ တချို့မွတ်ဆလင်အများစုကို ဖမ်းဆီးထား တာရှိတယ်။ အဲဒီလို မတရားဖမ်းဆီးတာတွေကို လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။ အဲဒီလို တကယ် ဖမ်းဆီးထားတယ်ဆိုရင်လည်း ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ မိသားစုကို အကြောင်းကြားဖို့၊ မတရား ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ် ” ဟု သူကပြောသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပြီးပြင်းထန်စွာဖြစ်ပွားခဲ့သည့် AA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် နှစ်ဖက်နားလည်မှုဖြင့်ရပ်တန့်ခဲ့သည်။ တိုက်ပွဲရပ်တန့်နေချိန်တွင် ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများအပါအဝင် ရခိုင်နှင့်မွတ်ဆလင်တို့ကြား သဟဇာတဖြစ် မြောက်ရေးတို့ကို အစဉ်တစိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။
ULA / AA သည် မွတ်ဆလင်ကျေးရွာတို့တွင် ဆေးကုသပေးခြင်း၊ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံခြင်း၊ ချစ်ကြည်ရေးဘောလုံးပွဲများကျင်းပခြင်းစသည့် ရခိုင်နှင့်မွတ်ဆလင်တို့ကြား သဟဇာတဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့သည်။
ရခိုင်နှင့်မွတ်ဆလင်တို့ကြား သဟဇာတဖြစ်မြောက်ရေးအတွက် ULA / AAမှ ဆောင်ရွက်ခြင်းကို မြေပြင်ရှိ လူထုများမှလည်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းကြောင်းနှင့် ယခုထက်ပိုပြီး သဟဇာတဖြစ်မြောက်ရေးမှာ နှစ်ဖက်အသိုင်းအဝိုင်းများပေါ်တွင် မူတည်ကြောင်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေ ကပြောသည်။
“ အခုအလုပ်လုပ်နေတဲ့ ULA / AAရဲ့ ချဉ်းကပ်မှုက နိုင်ငံတကာချဉ်းကပ်မှုနဲ့အတူ လူ့အခွင့်အရေး၊ သဟဇာတ ဖြစ်ရေးဆိုတာကို အပြောနဲ့ မဟုတ်ဘူး။ လက်တွေ့အကောင်အထည်ဖော်နေတာဖြစ်တယ်။ အဲဒီလို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ အောင်မြင်သင့်သလောက်အောင်မြင်နေပြီဖြစ်တယ်။ မြေပြင်မှာ လူထုပူး ပေါင်းပါဝင်မှုအားကောင်းတယ်။ အဲဒါကို မကြိုက်တဲ့လူတွေက အဟန့်အတား၊ အနှောက်အယှက် ပေးတာတွေရှိ ကောင်းရှိမယ်။ ဘယ်လိုပဲရှိရှိ ဒီကိစ္စက အကောင်းလုပ်တာဖြစ်တဲ့အတွက် အများကြီးလူထု ပူးပေါင်းမှုနဲ့ အောင်မြင်မှုရမယ်လို့မြင်တယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်အတွင်းရှိ မတူကွဲပြားသည့်လူမျိုးများကြားတွင် သဟဇာတဖြစ်ရေးအတွက် တစိုက်တမတ် ကြိုးစား လုပ်ဆောင်နေမှုကို စစ်ကောင်စီမှ ကန့်ကွက်မှုများရှိကြာင်း ဧပြီ ၅ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက ပြောဆိုထားသည်။
ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကြောင့် ရခိုင်နှင့် မွတ်ဆလင်များကြားတွင် ဆက်ဆံရေးပြတ်တောက်သွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှစတင်ကာ ဆက်ဆံရေး ပြန်လည်အဆင် ပြေလာခဲ့သည်။
၂၀၂၁ ခုနှစ်ကပင် ရခိုင်နှင့်မွတ်ဆလင်များကြား ချစ်ကြည်ရင်းနှီးမှုများရှိလာပြီး တစ်ရွာနှင့်တစ်ရွာသွားလာမှု၊ ပြောဆိုဆက်ဆံမှု၊အလုပ်အကိုင်များပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် လူမှုရေး၊ ဘာသာရေးကိစ္စများတွင် ပူးပေါင်းပါဝင်မှုများလည်း ရှိလာနေသည်။