- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမှ ရှေးဟောင်းလက်ရာများနှင့် အဆောက်အဦးအချို့ အချိန်မီထိန်းသိမ်းရန် လိုအပ်နေ
မြောက်ဦးမြို့မှ ရှေးဟောင်းယဉ်ကျေးမှုလက်ရာနှင့် အဆောက်အဦးအချို့ကို အချိန်မီထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဟု မြောက်ဦးယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက DMG သို့ပြောသည်။
30 Mar 2022
DMG ၊ မတ် ၃၀
မြောက်ဦးမြို့မှ ရှေးဟောင်းယဉ်ကျေးမှုလက်ရာနှင့် အဆောက်အဦးအချို့ကို အချိန်မီထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဟု မြောက်ဦးယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက DMG သို့ပြောသည်။
ယင်းသို့ အချိန်မီထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့်အရာများမှာ ကောလိယမင်းကျောက်စာ၊ ပိဋကတ်တိုက်တော်နှင့် ဒက်ချ်ကုန်တိုက်တို့ဖြစ်ပြီး အက်ကွဲကြောင်းများဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။
“တစ်နှစ်ထက်တစ်နှစ်က ပိုပြီးကွဲအက်လာတာကိုတွေ့နေရတယ်။ ဒီလိုကွဲကုန်တာဟာ ဒီအပေါ်မှာ အမိုးမိုးထားတာနဲ့များ ဆပ်စပ်နေမလားလို့တော့ သံသယဖြစ်မိတယ်။ အရင်တုန်းက အမိုးမရှိချိန်မှာ ဘာမှမဖြစ်ပေမယ့် အမိုးမိုးလိုက်တော့ ခြောက်သွေ့ပြီး ကွဲထွက်ကုန်တာ။ ဒါကို ပညာရှင်တွေနဲ့ သေသေချာချာကွင်းဆင်းပြီး လေ့လာဖို့လိုအပ်နေတယ်”ဟု ဒေါ်ခင်သန်းက ရှင်းပြသည်။
ကောလိယမင်းကျောက်စာသည် ပေတစ်ရာကျော်အမြင့်ရှိ ကျောက်တောင်ကြီးပေါ်တွင်တည်ရှိပြီး လေးမြို့ခေတ် လက်ရေးမူများကိုတွေ့မြင်နိုင်ကာ ဘုရင်ကောလိယက ၎င်း၏အဒဿိယအလှူကို ခမ်းနားစွာရေးထွင်းထားခြင်းဖြစ်သည်။
“ရခိုင်မှာရှိတဲ့ ပိဋကတ်တိုက်တော် ၄၈ ခုထဲက အခုဖြစ်နေတာက အငယ်ဆုံးနဲ့ကျောက်ဆစ်လက်ရာ အကောင်းဆုံး တိုက်တော်ဖြစ်နေတယ်။ နောက်ပြီး ဒက်ချ်ကုန်တိုက်ဟာဆိုရင်လည်း ကူးသန်းရောင်းဝယ်ရေးအတွက် ဆောက်ထားခဲ့တာ ဖြစ်တယ်။ ဒါဟာ ကူးသန်းရောင်းဝယ်ခဲ့တဲ့ ပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်”ဟု ဒေါ်ခင်သန်းကရှင်းပြသည်။
ယခုကဲ့သို့ ဖစ်ပွားရခြင်းမှာ စေတနာဖြင့်စီစဉ်သော်လည်း မမျှော်လင့်ပဲ အမှားဖြစ်သွားရခြင်းသာဖြစ်ကြောင်းနှင့် မိမိတို့ အနေဖြင့် မြေပြင်သို့ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီး ပညာရှင်များဖြင့်တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းကဆိုသည်။
“ကျွန်တော်တို့ကိုယ်တိုင် ပညာရှင်တွေနဲ့ကွင်းဆင်းပြီး သေသေချာချာစီစစ်ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒေသခံတွေနဲ့လည်း ပူးပေါင်းပြီးလုပ်ဆောာင်သွားမှာပါ။ အခုလိုဖြစ်ရတာတွေကတော့ စေတနာနဲ့လုပ်ပေမယ့် နည်းပညာလိုအပ်ချက်တွေကြောင့် ဖြစ်သွားတာပဲဖြစ်မှာပါ”ဟု ၎င်းကပြောသည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရခိုင်တို့၏ ရှေးခေတ်ကျောက်ဆစ်လက်ရာများစွာတည်ရှိနေပြီး လက်ရှိတွင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ်စာရင်း(Unesco)ဝင်ရောက်နိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိသည်။